အခွင့်ထူးခံ လူတန်းစား

grey-crumpled-paper-balls-rolling-out-of-a-trash-PPDULT7.jpg

တစ်ခါက စာသင်ခန်းတစ်ခုမှာ ဆရာက အထက်တန်းကျောင်းသားတွေကို ကျောင်းစာအပြင် အတွေးအမြင်နဲ့ ဆိုင်တဲ့ သင်ခန်းစာတွေ သင်ပေးနေခဲ့ပါတယ်။ ဆရာက ကျောင်းသားတွေကို စာရွက် တစ်ရွက်စီ ပေးပြီး အဲဒီ စာရွက်တွေကို လုံးချေခိုင်းတယ်။ ပြီးတော့  အတန်းရှေ့မှာ အမှိုက်ပုံး တစ်ပုံးကို အဖုံးဖွင့်ပြီး ချထားတယ်။

သူက ကျောင်းသားတွေကို ပြောတယ်။

“ကဲ .. ကလေးတို့။ ဆရာတို့ ဂိမ်းလေးတစ်ခု ဆော့ရအောင်။ ဒီ စာသင်ခန်းကို နိုင်ငံကြီးတစ်ခုလို့ သဘောထားလိုက်၊ မင်းတို့ဟာ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေပဲ။ မင်းတို့ အားလုံးမှာ လက်ရှိ အနေအထားထက် ပိုပြီး ကြီးပွားတိုးတက်အောင် လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်။

အဲဒါက ဘယ်လို လုပ်ရမလဲဆိုတော့ အခု လုံးချေထားတဲ့ စာရွက်တွေကို လက်ရှိ ထိုင်နေတဲ့ ခုံ နေရာက မထဘဲ အတန်းရှေ့မှာ ထားထားတဲ့ အမှိုက်ပုံးထဲ ဝင်အောင် ပစ်ထည့်ဖို့ပဲ။ ဒီ  ကစားနည်း စည်းကမ်းအရ အမှိုက်ပုံးထဲ စက္ကူလုံးဝင်အောင် ပစ်နိုင်တဲ့သူတွေဟာ နိုင်ငံမှာ ချမ်းသာကြီးပွားတဲ့ လူတွေ၊ အထက်တန်းလွှာတွေ ဖြစ်လာလိမ့်မယ်“

အတန်းရဲ့ အနောက်ဘက်မှာ ရှိနေတဲ့ ကျောင်းသားတွေဆီက ဆူဆူညံညံအသံတွေ ထွက်လာတယ်။

“ဒီအတိုင်းဆို ဘယ်တရားပါ့မလဲ ဆရာ“ , “သားတို့က အဝေးကြီး။ ဘယ်လိုလုပ် ဝင်မှာလဲ“

ဆရာက သူတို့မေးတာတွေကို ပြန်မဖြေဘူး ။  “စ ပစ်လို့ ရပြီ“ လို့ပဲ ပြောတယ်။

ကျောင်းသားတွေလည်း စက္ကူလုံးတွေကို အတန်းရှေ့က အမှိုက်ပုံးထဲ ဝင်အောင် ပစ်ထည့်ပါတော့တယ်။

ရှေ့ဆုံးတန်းမှာ ရှိတဲ့ ကျောင်းသူကျောင်းသားတွေ အားလုံးနီးပါးက အမှိုက်ခြင်းထဲကို စက္ကူလုံး ဝင်အောင် ပစ်နိုင်ကြတယ်။ တချို့တလေတော့ မဝင်တဲ့ သူတွေ ရှိတယ်။ အလယ်နားပိုင်းမှာ ထိုင်တဲ့ ကလေးတွေကတော့ ဝင်တဲ့သူ၊ မဝင်တဲ့သူ တစ်ဝက် စီလောက် ရှိကြတယ်။ အတန်းရဲ့ နောက်ဆုံးနားမှာ ထိုင်တဲ့ ကလေးတွေ အားလုံးနီးပါးကတော့ ဝင်အောင် မပစ်နိုင်ကြရှာဘူး။ တချို့တလေပဲ ကံကောင်းပြီး ဝင်ကြတယ်။

ဆရာက ကျောင်းသားတွေကို ပြောတယ်။

“ကဲ … မင်းတို့လည်း မြင်တာပဲ။ ဒီမှာ နောက်ဘက်က လူတွေက ဝင်အောင် ပစ်နိုင်ဖို့ အခွင့်အရေး နည်းသလောက် ရှေ့က လူတွေက အခွင့်အရေး ပိုများတယ် ဆိုတာ။ ဒါပေမဲ့ ဒီလိုမျိုး နောက်က လူတွေနဲ့ နှိုင်းစာရင် အခွင့်အရေး ပိုရလို့ ရထားမှန်းကို ရှေ့တန်းမှာ ထိုင်တဲ့ လူတွေက သတိမထားမိကြတာ များတယ်။ သူတို့ စိတ်ထဲမှာ အမှိုက်ပုံးထဲ စက္ကူလုံးဝင်ဖို့ကိုပဲ အာရုံစိုက်နေကြလို့လေ။

အပြင်လောကမှာပဲ ဒီအတိုင်းပဲ သားတို့ သမီးတို့။ အခွင့်အရေးရနေတဲ့ သူတွေဟာ ကိုယ့်ထက် နိမ့်ပါးတဲ့ လူတွေနဲ့ မနှိုင်းယှဉ်မိမချင်း ကိုယ့်ကိုယ်ကို အခွင့်အရေးတွေ ရလို့ရထားမှန်း မသိကြဘူး။

သားတို့ သမီးတို့ဆိုရင် အခု ပညာသင်ယူခွင့်ဆိုတဲ့ အခွင့်အရေးကို ရထားတယ်။ တစ်နည်းအားဖြင့် ဒါ အခွင့်ထူးခံ လူတန်းစား ဖြစ်နေတာပဲ။ မင်းတို့လို ပညာသင်ယူနိုင်ခွင့်ကိုတောင်မှ မရရှိခဲ့သူတွေ၊ ပုံမှန် စားဝတ်နေရေးကိုမှ မဖြေရှင်းနိုင်သူတွေ ရှိနေတယ်။ သူတို့နဲ့ ယှဉ်ရင် မင်းတို့က ပိုပြီး ကံကောင်းနေတယ် မဟုတ်ဘူးလား

ဒါကြောင့် မင်းတို့ လုပ်ရမှာက ကိုယ် ရထားတဲ့ အခွင့်အရေး၊ ပညာရေးနဲ့ ကိုယ့်ဘဝကိုယ် ကောင်းအောင် တည်ဆောက်ပါ။ ဒါပေမဲ့ မင်းတို့လောက် အခွင့်အရေး မရတဲ့ လူတွေ ရှိနေတယ်ဆိုတာလည်း မမေ့ပါနဲ့။ သူတို့အတွက်လည်း လက်ရှိအနေအထားထက် ကောင်းမွန်အောင် ကြိုးစားနိုင်မယ့် အခွင့်အရေးတွေ တတ်နိုင်သလောက် ပြန်ဖန်တီးပေးပါ။ ဝေမျှပေးကမ်းပေးပါ။ သူတို့ဘက်က ရပ်တည်နိုင်တဲ့ လူရည်မွန်တွေ ဖြစ်အောင် ကြိုးစားကြပါ။ မင်းတို့ ရထားတဲ့ အခွင့်အရေးတွေကို အသုံးချပြီး ပိုကောင်းတဲ့၊ ပိုပြီးနေပျော်စရာ ကောင်းတဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်လာဖို့ ကူညီ ပေးကြပါ“

အဲဒီနေ့က ကျောင်းသားတွေဟာ ဘဝအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ရပ်ကို ရရှိခဲ့မှာ ကျိန်းသေပါတယ်။

Ref: BuzzFeed Videos

စည်သူ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top