ကဲလီမူတူမီးတောင်ထိပ်ဝက အရောင်ပြောင်းနေတဲ့ရေကန်တွေ

40301831_339126240164678_156419676673409024_n.jpg

အရောင်အစုံရှိတဲ့ရေကန်တွေကို ကျွန်မတို့တွေ မြင်ဖူးကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ Flores (ဖလော်) ကျွန်းက ကဲလီမူတူမီးတောင်မှာတော့

အရောင်မတူညီတဲ့ ရေကန်သုံးကန်ရှိပါတယ်။ ဒီအရောင်သုံးရောင်ဟာ တစ်ချိန်လုံးပြောင်းလဲနေတာဖြစ်ပြီးတော့ သဘာဝအတိုင်း ဖြစ်ပျက်နေတာလည်း ဖြစ်ပါတယ်။

ကဲလီမူတူမီးတောင်ရဲ့ အနောက်ဘက်ရေကန်ဖြစ်တဲ့ Tiwu ata Mbupu (တီဝူအတာအမ်ဘူပူ) ရေကန်ဟာ အများအားဖြင့် အပြာရောင်ဖြစ်ပါတယ်။ Tiwu Nuwa Muri Koo Fai (တီဝူနူဝမူရီကူးဖိုင်) ရေကန်ကတော့ ပုံမှန်အားဖြင့် အစိမ်းရောင်ဖြစ်ပါတယ်။ Tiwu Ata Polo (တီဝူအတာပိုလို) ရေကန်က အနီရောင်ရှိနေတာပါ။ ဒါပေမဲ့ ရေကန်တွေဟာ ဘယ်အချိန်မှာဖြစ်ဖြစ် အရောင်ပြောင်းနိုင်ပါတယ်။ အရောင်ပြောင်းရင်လည်း အနက်ရောင်ထိတောင် ပြောင်းနိုင်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရေကန်တွေဟာ အဖြူရောင်၊ အစိမ်းရောင်နဲ့ အနီရောင်တို့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှာ အမဲရောင်၊ အစိမ်းရောင်နဲ့ ကိုကာကိုလာလိုအညိုရောင်တွေကို ပြောင်းသွားပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လမှာတော့ ရေကန်တွေဟာ အစိမ်းရောင်ကို အနုအရင့် မျိုးစုံပြောင်းလဲသွားခဲ့ပါတယ်။

တခြားအရောင်ရှိတဲ့ရေကန်တွေဟာ ဘက်တီးရီးယားမျိုးစိတ်တွေကနေ အရောင်တွေဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ကဲလီမူတူမီးတောင်ရဲ့ရေကန်တွေဟာ အရောင်တွေ အမြဲပြောင်းနေတာမို့ အနည်းငယ်တော့ ထူးဆန်းလှပါတယ်။ ရေထဲက ဓာတ်သတ္တုတွေက မီးတောင်ကဓာတ်ငွေ့တွေနဲ့ ဓာတ်ပြုပြီး အရောင်တွေ ပြောင်းလဲလာတာလို့လဲ တချို့ကယုံကြည်ကြပါတယ်။

ဒီအလှအပတွေကို တွေ့မြင်နိုင်ဖို့ မီးတောင်ဆီကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ဇူလိုင်လ ဒါမှမဟုတ် ဩဂုတ်လဟာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဘာလို့လဲဆိုတော့ ဇူလိုင်လနဲ့ ဩဂုတ်လဟာ အင်ဒိုနီးရှားမှာ ခြောက်သွေ့တဲ့ရာသီမို့လို့ ဖြစ်ပါတယ်။ ခရီးသွားတွေအတွက်ကတော့ ကဲလီမူတူမီးတောင်မှာ နေထွက်ချိန်ကို ခံစားကြည့်ရှုနိုင်ဖို့ မနက်စောစော ၃ နာရီခွဲလောက်သွားဖို့ အကြံပြုထားကြပါတယ်။ မီးတောင်ပတ်ပတ်လည်မှာ စက်ဘီးစီးပြီး အရောင်သုံးရောင်ပြောင်း ရေကန်တွေကို လည်ပတ်ကြည့်ရှုနိုင်ပါတယ်။

Ref: www.curiosity.com “The crater lakes of Mount Kelimutu change color all the time”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply