လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

11-1-2021-yyl-22.jpg

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။

ဦးစိုးပိုင်သည် ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးအတွက် စီးပွားရှာ၍ မမှန်မကန် ဆောင်ရွက်နေမှုများကြောင့် အဂတိလိုက်စားမှု ပပျောက်ရေးအတွက် အရေးယူပေးရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးပိုင် အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူခဲ့ခြင်းဖြစ်သည်။

ထိုသို့အရေးယူရာတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် ဇန်နဝါရီ ၁၁ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန် ထိန်းသိမ်းမှု စစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ရာထူးနှင့် လေကြောင်းပျံသန်းမှုလမ်းညွှန် ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ ရာထူးတာဝန်များကို တာဝန်ထမ်းဆောင်စဉ် အတွင်း လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် ပြည်ပ Agent (operator)များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခအနေဖြင့် permit နံပါတ်တစ်ခုလျှင် USD 100, USD 60, USD 40 စသဖြင့် ပေးရန် ဦးစိုးပိုင် အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်းကြားခဲ့ပြီး ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီ ပေးပို့သည့် အမြန်ဆောင်ရွက်ခ အပါအဝင် USD 72066 ကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ ပေးသွင်းစေခဲ့ခြင်း၊ ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KST ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top