ပူပြင်းလှတဲ့ နွေရာသီမှာ အပူလျှပ်တာ သက်သာသွားဖို့ဆိုရင်

9-4-2020-yyl-020.jpg

နေချစ်ချစ်တောက်ပူတဲ့နွေရာသီက ကျွန်တော်တို့ကို သက်တောင့်သက်သာ မဖြစ်စေသလို ချွေးအရမ်းထွက်စေပါတယ်။ ဒါ့အပြင် နွေရာသီမှာ အပူလျှပ်တာတွေလည်းဖြစ်လာနိုင်ပါတယ်။ နေရောင်ခြည်က စွမ်းအင်အားလုံးကို စုပ်ယူပြီး သင့်ကို အားနည်းသလိုခံစားရစေမှာဖြစ်ပါတယ်။ အပူလျှပ်ရတာက အလွန်အမင်းရေဓာတ်ကုန်ခန်းခြင်းနဲ့ နေပူထဲမှာ အချိန်အကြာကြီးနေခြင်းတို့ကြောင့်ဖြစ်ရတာပါ။ အပူလျှပ်ခြင်းကနေ သက်သာသွားစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းတွေရှိပါတယ်။ အဲဒီနည်းလမ်းတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က လန်းဆန်းတက်ကြွစေတဲ့ သောက်စရာဖြစ်ပြီး သင့်ခန္ဓာကိုယ်ကို အေးမြသွားစေမှာဖြစ်ပါတယ်။ ဒိန်ချဉ်မှာ သင့်ခန္ဓာကိုယ်အပူချိန်ကို ဖြည့်တင်းပေးတဲ့ ပရိုဗိုင်အိုတစ်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုရင် ရေခွက်တစ်ခွက်ထဲကို ဒိန်ချဉ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ သကြား၊ ဇီရာမှုန့်တို့ကို အရသာကောင်းတဲ့အထိ ရောစပ်လိုက်ပါ။ နွေရာသီအတွင်း နေ့တိုင်း (၁) ခွက် (သို့) (၂) ခွက်သောက်သုံးပေးပါ။

မရှိမဖြစ်ဆီ

တချို့မရှိမဖြစ်ဆီတွေ အပူလျှပ်ခြင်းအတွက် ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ လာဗင်ဒါဆီက အသားရေနဲ့ အာရုံကြောတွေအတွက် ကုသပေးနိုင်စွမ်းရှိပါတယ်။ ပူစီနံဆီကလည်း ခန္ဓာကိုယ်အပူချိန်ကို လျော့နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် ပူစီနံဆီ (၂-၃) စက်နဲ့ လာဗင်ဒါဆီ (၁-၂) စက်တို့ကို သံလွင်ဆီ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) နဲ့ရောစပ်လိုက်ပါ။ လည်ပင်း၊ ခြေဖဝါး၊ လက်ကောက်ဝတ်တွေမှာ ဒီရောစပ်ထားတဲ့အဆီကို လိမ်းပေးရုံပါပဲ။

ကြက်သွန်နီအရည်

ကြက်သွန်နီအရည်က အပူလျှပ်ခြင်းကို ကုသဖို့အတွက် အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။ အပူလျှပ်တော့မယ်လို့ လက္ခဏာတွေပြလာတဲ့အခါ ကြက်သွန်နီအရည်ကို သတိရလိုက်ပါ။ ဘယ်လိုအသုံးပြုရမလဲဆိုရင် နားရွက်နောက်၊ ခြေဖဝါး၊ ရင်ဘတ်တို့မှာ ကြက်သွန်နီရည်ကို လိမ်းလို့ရပါတယ်။ ခဏလောက် ဒီအတိုင်းထားလိုက်ပါ။ ကြက်သွန်နီရည်ကို ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇန်း) နဲ့ သောက်သုံးလို့လည်းရပါတယ်။

မန်ကျည်းသီးဖျော်ရည်

မန်ကျည်းသီးက ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ ကြွယ်ဝပါတယ်။ ခန္ဓာကိုယ်ကို လိုအပ်တဲ့အာဟာရဓာတ်တွေ ပေးစွမ်းပြီး ရေဓာတ်ကုန်ခန်းခြင်းပြဿနာကို ကျော်လွှားနိုင်အောင် ကူညီပေးပါတယ်။ ပွက်ပွက်ဆူထားတဲ့ ရေနွေးထမှာ မန်ကျည်းသီးအနည်းငယ်ကို စိမ့်ထားပါ။ အရည်စစ်ပြီး သကြား (သို့) ပျားရည်ထည့်သောက်ပါ။ အေးသွားတဲ့အခါ ဒီဖျော်ရည်ကို သောက်ပေးပါ။

သရက်သီးစိမ်းဖျော်ရည်

သရက်သီးစိမ်းက အပူလျှပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ လန်းဆန်းတက်ကြွစေတဲ့၊ ကျန်းမာစေတဲ့ ဖျော်ရည်ဖြစ်ပါတယ်။ သရက်သီးစိမ်းတွေကို ရေနဲ့ ပြုတ်လိုက်ပါ။ သရက်သီးကို ပြုတ်ပြီးသွားတဲ့အခါ ရေအနည်းငယ်ထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ဆား၊ သကြားတို့ကို ထည့်ပြီး သောက်သုံးရုံပါပဲ။

Ref: Here is how you can treat heat stroke at home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top