စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား

29-5-2020-yyl-001.jpg

ချဉ်ဟင်းလေးပဲချက်ချက်၊ မျှစ်လေးနဲ့ ရောပြီး အရည်ပဲချက်ချက်၊ ငရုတ်သီးနိုင်နိုင်လေးနဲ့ မျှစ်တို့ရောပြီး ကြော်ပဲစားစား၊ ငါးနဲ့ပဲ ရောချက်ချက် ဘယ်ချိန် စားစား ထမင်းမြိန်လွန်းလို့ ချဉ်ပေါင်ဟင်းနဲ့ဆို စွဲပြီးသားပဲဆိုတဲ့ ပရိသတ်ကြီးတွေများရှိလား။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ရွက်လေးက စားကောင်းတာထက်ပိုတဲ့ ကျန်းမာရေး အာနိသင်တွေရှိနေပါတယ်။

ချဉ်ပေါင်ရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါဝင်ဖွဲ့စည်းထားတာလဲ

စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ

ကယ်လ်ဆီယမ်
သံဓာတ်
ဗီတာမင် C
မဂ္ဂနီဆီယမ်
ကာဗိုဟိုက်ဒရိတ်
Phosphorus
ပိုတက်ဆီယမ်
ဗီတာမင် B2 နဲ့
ဗီတာမင် A တို့ပါဝင်နေပါတယ်။

ချဉ်ပေါင်ရွက် နဲ့ ကျန်းမာရေး

စားလိုက်တိုင်း အရသာရှိတဲ့ ချဉ်ပေါင်ရွက်လေးကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့ အပင်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ ချဉ်ပေါင်က အရွက်ကစလို့ အပွင့်၊ အဖူး နဲ့ တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပါတယ်။

သွားနဲ့သွားဖုံး ကျန်းမာစေတယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် သွားနဲ့ မေးရိုးတွေကို သန်မာစေမှာပါ။ ခံတွင်းထဲက ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး သွားနဲ့သွားဖုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ငယ်စဉ်ကတည်းကချဉ်ပေါင်ရွက် ကျွေးပေးမယ်ဆိုရင် ဘေဘီလေးက သွားနဲ့ခံတွင်း ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်လာမှာပါ။

ကိုယ်ဝန်ဆောင်မေမေ ကျန်းမာစေနိုင်တယ်

ချဉ်ပေါင်ရွက်မှာ ကိုယ်ဝန်ဆောင်မေမေတိုင်း ပြည့်ဝဖို့ လိုမယ့် သံဓာတ်ပါဝင်နေပါတယ်။ တစ်နေ့တာမှာ သံဓာတ် ၂၇ မီလီဂရမ်လောက်အထိ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ချဉ်ပေါင်ဟင်းစားသုံးပေးလို့ရပါတယ်။

အအေးမိ၊ ဖျားနာ ကာကွယ်ပေးတယ်

ချဉ်ပေါင်ရွက်မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းနေတာကြောင့် အအေးမိ၊ ဖျားနာတာမျိုး၊ ချောင်းဆိုးတာမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေတာ​ကြောင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗိုင်းရပ်စ်တွေကိုလည်း ခုခံကာကွယ်ပေးပါတယ်။

ဝမ်းမှန်စေတယ်

မဂ္ဂနီဆီယမ် ပါဝင်နေတာ​ကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ မဂ္ဂနီဆီယမ်ဖြည့်စွက်စာတွေကို ဝမ်းပျော့စေဖို့ စားသုံးပေးရတာမျိုးရှိပါတယ်။ မဂ္ဂနီဆီယမ်က ဝမ်းပျော့စေပြီး အူကြွက်သားတွေကို ပြေလျော့စေပါတယ်။ အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ဝမ်းချုပ်မှုကင်းလို့ ဝမ်းမှန်စေပါတယ်။ ချဉ်ပေါင်ရွက်မှာ မဂ္ဂနီဆီယမ် ၂၉ မီလီဂရမ် ပါဝင်နေပြီး နေ့စဉ် လိုအပ်မှုရဲ့ ၆.၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။

အင်အားပြည့်စေတယ်

ချဉ်ပေါင်ရွက်မှာပါတဲ့ Phosphorous က ကြွက်သားအားနည်းတာ၊ ထုံကျဉ်တာ၊ မောပန်းလွယ်တာ လိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ နေ့စဉ် လုပ်ဆောင်စရာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်စေဖို့ Phosphorous ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ချဉ်ပေါင်ရွက်က Phosphorous ကြွယ်ဝတာကြောင့် နေ့စဉ် တက်ကြွလန်းဆန်းနေစေဖို့ စားပေးသင့်ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်

ချဉ်ပေါင်ရွက်က ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးနိုင်တာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ရာသီလာချိန် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားမှု ပြောင်းလဲတာကို သက်သာစေနိုင်ပါတယ်။

ဒီကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် ချဉ်ပေါင်ရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေတာ၊ အစာကြေစေတာ၊ အူမကြီးကင်ဆာ ကာကွယ်ပေးတာ၊ ကိုယ်အလေးချိန် ထိန်းညှိပေးတာ၊ စိတ်ဓာတ်မကျအောင် ကာကွယ်ပေးတာ၊ ကင်ဆာ ကာကွယ်ပေးတာ၊ သွေးပေါင်ချိန် ထိန်းညှိပေးတာ၊ အသည်း ကျန်းမာစေတာ စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးပါသေးတယ်။

Ref :hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top