အသည်းရောင်အသားဝါ B ပိုးရှိနေရင်ဒီအချက်တွေကိုသိထားပြီး လိုက်နာသင့်တယ်နော်

Hepatitis_B.png

အသည်းရောင်အသားဝါ B ပိုးဆိုတာ အသံတိတ်လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့် မတော်တဆ သွေးစစ်ကြည့်မှ ရှိနေမှန်သိသလို၊ တချို့ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲ B ပိုး ရှိနေကြောင်း သိကြတာများပါတယ်။

ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတော။ ရှေ့လျှောက်ပိုမဆိုးလာအောင် ထိန်းဖို့၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့လိုလာပါပြီ။

အသည်းရောင် အသားဝါ B ပိုးရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ
(၁) ကိုယ့်ရဲ့ ပိုးကောင်းရေများလာလား၊ နည်းသွားလား ပုံမှန်သွေးစစ်ပါ
ဘယ်သူမှတော့ ကိုယ့်အသားကို အပ်နဲ့ထိုးပြီး သွေးထုတ်တဲ့ကိစ္စကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် B ပိုးရှိသူတွေ အနေကျတော့ ရှိနေတဲ့ ပိုးကောင်ရေ ပမာဏကိုသိဖို့နဲ့အသည်းကို ထိခိုက်နေပြီလား သိဖို့အတွက် နှစ်စဉ် ဒါမှမဟုတ် ၆ လတစ်ခါ သွေးစစ်ပေးဖို့လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ သွေးအဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုပုံစံကို ဆရာဝန်တွေက ပေးနိုင်မှာဖြစ်လို့ပါ။ ဒါကြောင့် သွေးလေးဖောက်ဖို့ကိုကြောက်ပြီး သွေးမစစ်ဘဲ မနေပါနဲ့။

(၂) B ပိုးကိုသတ်တဲ့ပိုးသတ်ဆေး ဆရာဝန်က သောက်ဖို့ ညွှန်ကြားရင်လည်း ညွှန်ကြားချက်အတိုင်းလိုက်နာပါ
တုပ်ကွေးမိလို့ ဆေးသောက်တဲ့အခါ သောက်ဖို့မေ့သွားတာ၊ ဆေးပတ်လည်အောင် မသောက်မိတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ရိုးရိုးတုပ်ကွေး ဆေးတွေ ကတော့ ဘာမှမဖြစ်ပေမယ့် ဒီ အသည်းရောင်အသားဝါ B ပိုးကို သတ်မယ့်ဆေးကိုတော့ နေ့တိုင်း မမေ့မလျော့ ပုံမှန်သောက်ပေးဖို့ အရေးကြီးပါတယ်။ ဆေးသောက်ဖို့ တစ်ရက် ပျက်ကွက်သွားတာနဲ့ ကုသမှုတစ်ခုလုံး အကျိုးလျော့သွားနိုင်သလို B ပိုးလည်း ဆေးနဲ့ယဉ်ပါးသွားဖို့ အခွင့်အရေးများသွားနိုင်ပြီး အသည်းကိုပိုပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သေချာ အချိန်တစ်ခုသတ်မှတ်ပြီး ဆေးကို မမေ့ဘဲပုံမှန်သောက်ပါ။

(၃) စိတ်ရှည်ပါ
အသည်းရောင် အသားဝါ B ပိုးဆိုတာ ရိုးရိုး သာမန်တုပ်ကွေး တွေလို ၁ ပတ်လောက် ဆေးသောက်လိုက်တာနဲ့တင် အနိုင်တိုက်လို့ ရတဲ့ ပိုးမျိုးမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ တွေးထားပါ။ B ပိုးကို နိုင်တဲ့ ဆေးတွေဖြစ်တဲ့ tenofovir တို့entecavir တို့ဟာ အချိန်အကြာကြီး စွဲသောက်မှ ပိုးကောင်ရေကို လျှော့ချနိုင်ပြီး အသည်းထိခိုက်မှုနည်းအောင် ကာကွယ်ပေးနိုင်မှာပါ။ ဆေးကို ညွှန်ကြားတဲ့အတိုင်း စွဲမသောက်ဘဲ စိတ်မရှည်လို့ ကုသမှုမပြီးခင် ရပ်လိုက်လို့ကတော့ ပိုးကောင်ရေနဲ့ အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းဟာ အရင်ကထက် နှစ်ဆ မြင့်တက်သွားပါလိမ့်မယ်။ ဒါကြောင့် ဆေးသာက်ဖို့စိတ်ရှည်ပါ။

(၄) အသည်းကင်ဆာ ရှိ မရှိပုံမှန်စစ်ဆေးဖို့လည်း မမေ့ပါနဲ့
အသည်းရောင် အသားဝါ B ပိုးက အသည်းကိုထိခိုက်စေတတ်ပြီး နောက်ဆုံးမှာ အသည်းကင်ဆာအထိ ပြောင်းလဲသွားစေတဲ့ အဓိကတရားခံပါ။ ဒါကြောင့် အသည်းကင်ဆာရှိမရှိ ၆လတစ်ခါလောက် ပုံမှန် သွေးစစ်ပါ။ အာထရာဆောင်းရိုက်ပါ။ ဒါဆိုတစ်ခုမေးစရာတော့ရှိပါလိမ့်မယ့်။ Bပိုး ဗိုင်းရပ်သတ်ဆေးသောက်နေတာပဲ အသည်းကင်ဆာ ကို စိုးရိမ်စရာလိုမလားပေါ့။ B ပိုးသတ်ဆေးက အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းကို လျှော့ချပေးတာ မှန်ပေမယ့် လူနာက အသက်ကြီးနေရင်၊ မျိုးရိုးထဲမှာ အသည်းကင်ဆာ ဖြစ်ဖူးတဲ့သူရှိနေရင် ၊ နဂိုတည်းက အသည်းခြောက်တဲ့ ဝေဒနာခံစားနေရရင် အချိန်မရွေး အသည်းကင်ဆာ ဖြစ်နိုင်တာကြောင့် ကြိုပြီး သိထားလို့ရအောင် စစ်ဆေးကြည့်တာ မမှားပါဘူး။ စောစောသိတော့ စောစော ကုသမှုခံယူလို့ရတာပေါ့ ။စစ်ဆေးမှုကြောင့် ပိုက်ဆံကုန်မှာကို မမြင်ပါနဲ့။

(၅) B ပိုးအတွက် ဟိုဆေးလေးကကောင်းတယ်၊ ဒီဆေးလေးက ကောင်းတယ်ဆိုပြီး ဆေးတွေစုံအောင် လျှောက်မသောက်ပါနဲ့
လူတိုင်းကတော့ ကိုယ်ဖြစ်နေတဲ့ ရောဂါ လုံးဝ အမြစ်ပြတ်ပြီး အမြန်ပျောက်ချင်တဲ့သူချည်းပါပဲ။ ဒီတော့ ကောင်းပေ့၊ စွမ်းပေ့ဆိုတဲ့ ဆေးတွေကို လျှောက်စမ်းကြတာကို အပြစ်ပြောလို့တော့မရပါဘူး။ ဒါပေမယ့် တစ်ခုစဉ်းစားရမှာက အခြားလူတွေညွှန်းတဲ့ လေ့လာချက်တွေ သေချာလုပ်မထားတဲ့ ဆေးကိုရွေးမလား၊ လေ့လာစမ်းသပ်မှုတွေ သေချာလုပ်ထားတဲ့ ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို သောက်မလားဆိုတာပါ။ တစ်ချက်တည်းနဲ့ B ပိုးကို အနိုင်တိုက်နိုင်တဲ့ မှော်ဆေးဆိုတာ မရှိပါဘူး။ စိတ်ရှည်ရှည်နဲ့ ဆေးကုသမှုကိုသေချာခံယူပြီး အစားအသောက်၊ လူနေမှုပုံစံတွေကို ထိန်းပါမှ B ပိုးကို အနိုင်တိုက်နိုင်မှာပါ။

(၆) ကိုယ်ဝန်ကြီးနဲ့ B ပိုးရှိနေပြီဆိုရင် ဘယ်လို လုပ်ရမလဲ..ပိုးသတ်ဆေးသောက်ရင် ကလေးကို ထိခိုက်နိုင်သလား
အမေရိကန်နိုင်ငံ B ပိုးသုတေသန ဌာနကပြောကြားချက်တွေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မှာ B ပိုးကောင်ရေ 200,000 IU/mL ထက်များနေရင် tenofovir တို့ telbivudine လို ပိုးသတ်ဆေးတွေကို ကိုယ်ဝန်ပတ် ၂၈ပတ် လောက်မှာ စသောက်လို့ရပါတယ်လို့ ဆိုပါတယ်။ ဒီဆေးတွေဟာ သင့်ဗိုက်ထဲက ကလေးကိုထိခိုက်စေမှာ မဟုတ်သလို မီးဖွားပြီးပြီးချင်း ၁၂ နာရီအတွင်း ကလေးကို ဒီဆေးတွေထိုးပေးလိုက်ရင် ကလေးဆီ B ပိုးကူးစက်နိုင်ချေကို သုည ရာခိုင်နှုန်း အထိတောင် လျှော့ချပေးဦးမှာပါ။

(၇) ကိုယ့်ဆီကနေ သူများဆီကို မကူးစေချင်ဘူးဆိုရင် ကိုယ့်ဘက်က ကာကွယ်မှုတွေ လုပ်ထားဖို့တော့လိုပါလိမ့်မယ်
B ပိုးဟာ သွေးတို့၊ချွေးတို့ ၊ တံတွေးတို့လို ကိုယ့်ခန္ဓာကနေထွက်တဲ့ အရည်တွေကနေ တစ်ဆင့်၊ လိင်ဆက်ဆံရာကတစ်ဆင့်၊ ဆေးထိုးအပ်ကနေ တစ်ဆင့် ကူးစက်တတ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီတော့ သွားပွတ်တံ တစ်ခုတည်းကို တူတူသုံးတာ၊ ဆေးထိုးအပ်တစ်ခုတည်းကို မျှသုံးတာ၊ အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာမျိုးတွေကို ကိုယ့်ဘက်နေ စပြီး စည်းထား ရှောင်ရပါမယ်။

(၈) B ပိုးရှိနေပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ပတ်ဝန်းကျင်ကနေ သွေးဖယ်မထားလိုက်ပါနဲ့
B ပိုးဟာ သူများကို ကူးစက်နိုင်တဲ့ ရောဂါဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ B ပိုးရှိလို့ဆိုပြီး စိတ်ပျက် အားငယ်မသွားလိုက်ပါနဲ့။ ဆေးမှန်မှန်သောက်သွားရင် ပိုးကောင်ရေကိုထိန်ထားပေးသွားမှာ ဖြစ်လို့ အခြားသူဆီကို ကူးစက်နိုင်ချေလည်း နည်းပါးသွားပါလိမ့်မယ်။ B ပိုးရှိနေလို့ဆိုပြီး ကိုယ့်ရဲ့ အလုပ်၊ အိပ်မက်၊ ပညာရေးအားလုံးကို စွန့်လွှတ်လိုက်စရာ မလိုပါဘူး။

(၉) ကိုယ့်မှာရှိနေတဲ့ B ပိုးအကြောင်းကို ထိန်ချန်မထားဘဲ မိသားစု အပေါင်းအသင်းတွေကို ဖွင့်ပြောပါ
ကိုယ့်မှာကူးစက်တတ်တဲ့ ရောဂါပိုးတစ်ခုရှိနေကြောင်း ဖွင့်ပြောဖို့ကို လူတိုင်းဝန်လေးကြပါတယ်။ ဒါပေမယ့်လည်း ချွေးတို့၊ တံတွေးတို့၊ လိင်ဆက်ဆံတာတို့ကနေ B ပိုးက ကူးစက်တတ်တယ်ဆိုတော့ မိသားစုဝင်တွေ၊ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ရောဂါအကြောင်း ကြိုပြီး ပြောထားဖို့လိုပါတယ်။ ဒါမှသူတို့လည်း ကြိုတင်စစ်ဆေးမှုတွ ပြုလုပ်မိမှာဖြစ်ပြီး ရှိနေခဲ့ရင်လည်း ကုသမှုကို စောစောခံယူနိုင်တာကြောင့် ဆိုးဝါးတဲ့ အခြေအနေတွေကို ရှောင်လွှဲပြီးသား ဖြစ်မှာပါ။

Ref: Hello ဆရာဝန်
ရေးသားသူ – Dr. Thin Yadanar@Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top