တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသလား

young-slender-girl-sits-in-the-lotus-position-with-6XWUJYB.jpg

ယနေ့ကမ္ဘာတလွှားမှာ တရားထိုင်ခြင်းကို ဘာသာရေးအနေနဲ့သာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ကျန်းမာရေး စတာတွေအတွက် ကျင့်သုံးလာကြပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်တည်ငြိမ်လာခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိလာကြပါတယ်။ နောက်ပိုင်းမှာ တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အရသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုကြောင်း ပညာရှင်များကပါ လက်ခံလာကြပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တရားထိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁။ သွေးတိုး ကျစေခြင်း

တရားထိုင်ခြင်းဟာ နှလုံးအပေါ်သက်ရောက်တဲ့ ဖိအားတွေကို သက်သာစေပါတယ်။ သွေးတိုးရှိသူတွေဟာ နှလုံးကနေ သွေးကိုညှစ်နိုင်ဖို့ ပိုပြီးအားစိုက်ထုတ်ရပါတယ်။ ဒါ့အပြင် သွေးကြောများ မာကြောပြီးကျဉ်းမြောင်းစေတတ်ပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းကြောင့်နှလုံးနဲ့သွေးကြောများကို ထိန်းချုပ်ပေးတဲ့ အာရုံကြောများကို ပြေလျော့စေပြီး သွေးကြောများအတွင်းက ဖိအားကိုလည်း လျော့ကျစေပါတယ်။ ဒီနည်းနဲ့ သွေးတိုးခြင်းကိုလည်း သက်သာစေပါတယ်။

၂။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

တရားထိုင်ခြင်းကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ သုတေသနတစ်ခုအရ မကြာခဏ တရားထိုင်လေ့ရှိသူများဟာ lipid peroxide လို့ခေါ်တဲ့ ဓာတ်ပစ္စည်းနည်းပါးတယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ္စည်းဟာ သွေးကြောနံရံများကို မာကြောစေခြင်း၊ ကျဉ်းမြောင်းစေခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

၃။ ကိုယ်ခံစွမ်းအား တိုးတက်စေခြင်း

ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်းဟာ ခန္ဓာကိုယ်ပြင်ပမှ ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးပါတယ်။ နေထိုင်မကောင်းချိန်မှာလည်း နာလန်ပြန်ထနိုင်အောင် ကူညီပေးပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တစ်ခုမှာ ထရားထိုင်ခြင်းဟာ ကိုယ်ခံအားစနစ်ကို တိုးတက်အောင် အထောက်အကူပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဦးနှောက်အတွင်းမှာလည်း အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

၄။ စွဲလန်းမှုကို လျော့ကျစေခြင်း

သင့်ခန္ဓာကိုယ်ဟာ မူးယစ်ဆေး၊ အရက် စတာတွေကို စွဲလန်းနေရင် အင်မတန်ဖြတ်ရခက်ပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။ သုတေသနများအရ တရားထိုင်တဲ့အခါ အာရုံစူးစိုက်ခြင်း၊ မိမိကိုယ်ကို သတိကပ်ထိန်းချုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရလာတာကြောင့် ဆေးဖြတ်၊ အရက်ဖြတ်ရာမှာ အထောက်အကူပြုပါတယ်။ အရက်စွဲသူများကို လေ့လာခဲ့တဲ့ သုတေသနတခုမှာ တရားထိုင်ခြင်းအားဖြင့် အရက်ဖြတ်ရာမှာ အထောက်အကူပြုကြောင်း ဆိုထားပါတယ်။ မူးယစ်ဆေးနဲ့ အရက်တင် မကပါဘူး။ အစားအစာများကို စွဲလန်းစွာ စားသောက်နေချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၅။ ကောင်းစွာအိပ်စက်နိုင်ခြင်း

အိပ်ရေးပျက်ခြင်းဟာ ကိုယ်ခံစွမ်းအားကျစေပြီး ရောဂါမျိုးစုံကို ဖိတ်ခေါ်နေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု စတာတွေဟာ အိပ်မပျော်ရခြင်းရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ တရားထိုင်ခြင်းကြောင့် ကိုယ်ရောစိတ်ပါ ဖိစီးမှုများ လျော့နည်းစေပြီး ကောင်းစွာအိပ်စက်နိုင်စေပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်ရဲ့အတွေးများ ယောက်ယက်ခတ်ခြင်းကို ထိန်းချုပ်နိုင်စေပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့ မခဲယဉ်းသလို အချိန်ကြာကြာလည်း အိပ်စက်နိုင်စေပါတယ်။

၆။ နာကျင်မှုကို သက်သာစေခြင်း

ကိုယ်ခန္ဓာရဲ့ နာကျင်မှု ဆိုတာဟာ အာရုံကြောများရဲ့ အချက်ပြမှုကတဆင့် ဦးနှောက်ထဲကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ သုတေသနတစ်ခုအရ ဦးနှောက်အလုပ်လုပ်ပုံကို လေ့လာရာမှာ တရားထိုင်တတ်သူများရဲ့ ဦးနှောက်လှိုင်းတွေဟာ နာကျင်မှုကို လက်ခံရယူရာမှာ အခြားသူတွေနဲ့ ကွာခြားမှုရှိတာ တွေ့ရပါတယ်။ နာကျင်မှုကို သက်သာစေတယ်လို့ သိရပါတယ်။ နာတာရှည်ရောဂါများကြောင့် ဝေဒနာခံစားနေရခြင်းများလည်း သက်သာစေနိုင်တယ်လို့ သိရပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top