ငါးဖမ်းစက်လှေပေါ်မှာ ကျွန်ပြု ခိုင်းစေခံရပြီး သေသွားရင် ပင်လယ်ထဲမျှောခံရတဲ့ အင်ဒို ငါးဖမ်းသမားတွေရဲ့ဘဝအကြောင်း

12-6-2020-yyl-001.jpg

လူငယ်တစ်ယောက်ရဲ့အလောင်းကို ပင်လယ်ထဲ ပစ်ချနေတဲ့ ရုပ်သံမှတ်တမ်းက တရုတ်နိုင်ငံသားပိုင် ငါးဖမ်းစက်လှေတွေပေါ်မှာ အင်ဒိုနီးရှား ငါးဖမ်းသမားတွေ ကြုံတွေ့ခံစားနေရတဲ့ ကျွန်ပြု ခိုင်းစေမှု အခြေအနေတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါဟာ ဘဝသစ် တည်ဆောက်ဖို့ ကြိုးစားရုန်းကန်ရင်း သေဆုံးခဲ့ရတဲ့ သူတွေအတွက် ကျန်ရစ်သူမိသားစုနှစ်စုရဲ့ ဝမ်းနည်းပူဆွေးမှုဇာတ်လမ်းပါပဲ။ အရင်တုန်းက ပင်လယ်ထဲ မရောက်ဖူးတဲ့ ဆီပရီဟာ သူငယ်ချင်းတစ်ယောက်ရဲ့ တစ်ဆင့်စကားကနေ တရုတ်ငါးဖမ်းစက်လှေမှာ အလုပ်ရမယ့်အကြောင်း ကြားခဲ့ရတာပါ။ သူရမယ့်လုပ်ခကလည်း ဆူမားတြားကျွန်းပေါ်က ရွာတစ်ရွာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ဆီပရီအတွက် အိပ်မက်ထဲမှာတောင် မရနိုင်တဲ့ပမာဏမျိုးပါ။

” ရုတ်တရက်ကြီး မိသားစုအတွက် အဲဒီလောက် ငွေများများစားစား ရှာပေးနိုင်မယ်ဆိုတော့ သူက အလုပ်လုပ်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့တယ်”လို့ သူ့အမ ရီကာက သတိတရ ပြန်ပြောရှာတယ်။ တစ်လ ဒေါ်လာ ၄၀၀ လည်းရမယ်၊ သင်တန်းလည်း ပေးမယ်ဆိုတဲ့ အာမခံချက်ကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ဆီပရီက အင်ဒိုနီးရှားနိုင်ငံသား ၂၂ ယောက်နဲ့အတူ လောင်ရှင်း ၆၂၉(Long Xing 629) ငါးဖမ်းစက်လှေပေါ် လိုက်သွားခဲ့တယ်။ ” သူ မသွားခင် ကျွန်မဆီကနေ ပိုက်ဆံနည်းနည်းချေးတယ်။ ဒီတစ်ခါ သူပိုက်ဆံချေးတာ နောက်ဆုံးပဲ။ သူ ပြန်လာရင် ငွေအထုပ်လိုက် ပါလာမှာ။ အဲဒါဆိုရင် အိမ်ပြင်လို့ရပြီလို့ သူ ပြောတယ်”။ ဒါကတော့ ရီကာရဲ့ စကားသံပါ။

ဒါပေမဲ့ ဆီပရီက အိမ်ပြန်ရောက်မလာသလို ပိုက်ဆံလည်း မပို့ခဲ့ပါဘူး။ ရီကာလည်း သူ့မောင်နဲ့ နောက်တစ်ကြိမ် စကားပြောခွင့် မရခဲ့ရှာပါဘူး။ ရီကာရဲ့လက်ထဲမှာ စာတစ်စောင် ကိုင်ထားတယ်။ သူ့မောင် ပင်လယ်ထဲမှာ သေသွားပြီဆိုတဲ့အကြောင်း ရေးထားတဲ့စာလေ။ ပြီးခဲ့တဲ့ ဇန်နဝါရီလအစောပိုင်းမှာ ဒီစာ ရောက်လာခဲ့တာပါ။ ဆီပရီရဲ့အလောင်းကို ပစိဖိတ်သမုဒ္ဒရာထဲ ပစ်ချလိုက်ပြီလို့ စာထဲမှာ ရေးထားတယ်။ ”သူ့အလောင်းကို ပင်လယ်ထဲပစ်ချလိုက်ပြီလို့ ဖတ်လိုက်ရတော့ ကျွန်မ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားသလိုပါပဲ”လို့ ရီကာက မျက်ရည်သုတ်ရင်း ပြောတယ်။ သူ့အမေ မသေခင် မောင်လေးကို စောင့်ရှောက်ပါလို့ နောက်ဆုံးမှာခဲ့တဲ့အတွက် ဆီပရီ သေသွားတာ သူ့အပြစ်မကင်းဘူးလို့ ရီကာက ခံစားနေရတယ်။

လောင်ရှင်း ၆၂၉ စက်လှေပေါ်မှာ ဆီပရီအပြင် နောက်ထပ်အင်ဒိုနီးရှားငါးဖမ်းသမား ၂ ယောက် သေဆုံးခဲ့တယ်။ ပင်လယ်ထဲရောက်ပြီး ၁၀ လလောက်ပဲ ကြာသေးတဲ့ ဒီဇင်ဘာလထဲမှာ ဆီပရီနဲ့ နောက်တစ်ယောက်က ရက်ပိုင်းခြားပြီး သေဆုံးခဲ့တာပါ။ ဆီပရီနဲ့ တစ်ရွာတည်းသား ‌အေရီကတော့ ပြီးခဲ့တဲ့မတ်လမှာ သေဆုံးခဲ့တယ်။ သူ သေပြီး သိပ်မကြာခင်မှာပဲ အဲဒီသင်္ဘောပေါ်က ကျန်တဲ့ ငါးဖမ်းသမားတွေကို ကယ်တင်နိုင်ခဲ့တယ်။ အဲဒီသင်္ဘောပေါ်မှာ သေဆုံးခဲ့တဲ့ တခြားငါးဖမ်းသမား ၂ ယောက်ကိုလည်း ဆီပရီလိုပဲ အဝတ်နဲ့ပတ်ပြီး ပင်လယ်ထဲ ပစ်ချခဲ့ကြတာပါ။ သူတို့ရဲ့ ကျန်ရစ်သူမိသားစုတွေကလည်း နောက်ဆုံးအကြိမ် နှုတ်ဆက်ခွင့်တောင် မရရှာခဲ့ပါဘူး။ အသည်းအသန် နာမကျန်းဖြစ်ခဲ့သူ ပါဆာရီဘူကတော့ ကမ်းပေါ်ကို အသက်ရှင်လျက် ပြန်ရောက်လာပေမဲ့ သိပ်မကြာခင်ပဲ ဆုံးပါးသွားခဲ့ပါတယ်။

အလောင်းတွေ ပင်လယ်ထဲပစ်ချနေပုံကို ရိုက်ကူးထားတဲ့ ဖုန်းမှတ်တမ်းသာ လူသိရှင်ကြား မဖြစ်ခဲ့ရင် ဒီဖြစ်ရပ်ကို လူတွေ သတိထားမိမှာမဟုတ်သလို ပင်လယ်ထဲမှာ သေရသူလည်း ပိုများသွားနိုင်ပါတယ်။ အခုချိန်မှာတော့ ဒီဖုန်းမှတ်တမ်းကြောင့် အင်ဒိုနီးရှားတစ်နိုင်ငံလုံး ယမ်းပုံမီးကျ ဒေါသထွက်နေကြသလို အရှေ့တောင်အာရှအတွင်း သွားလာနေတဲ့ ပြည်ပသင်္ဘောတွေပေါ်မှာ ငါးဖမ်းသမားတွေ အနိုင်ကျင့်စော်ကားခံရတဲ့အကြောင်း အချေအတင် ဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။ တုန်လှုပ်စရာကောင်းတာကတော့ လောင်ရှင်း ၆၂၉ ငါးဖမ်းစက်လှေပေါ်ကလို ဘဝမျိုးတွေအကြောင်း အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်မှာ မြန်မာနိုင်ငံက ငါးဖမ်းသမား အများစုအပါအဝင် နိုင်ငံခြားသား ငါးဖမ်းသမား ၄၀၀၀ လောက်ကို အင်ဒိုနီးရှားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းတွေကနေ ကယ်တင်ပြီး လွတ်မြောက်အောင် လုပ်ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက တချို့ဆိုရင် ကျွန်တွေလို အခြေအနေမျိုးနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူတွေပါ။ အဲဒီအချိန်တုန်းကတော့ အင်ဒိုနီးရှားနိုင်ငံက တရားမဝင် ငါးဖမ်းမှုကို အဆုံးသတ်ပြီး နိုင်ငံခြားသင်္ဘောတွေပေါ်မှာ ငါးဖမ်းသမားတွေကို ဂုတ်သွေးစုပ်၊ အမြတ်ထုတ်၊ အနိုင်ကျင့်နေတာတွေ အဆုံးသတ်အောင် တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးခဲ့ဖူးပါတယ်။ လောင်ရှင်း ၆၂၉ ငါးဖမ်းစက်လှေပေါ်ကနေ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ စကားသံကို နားထောင်လိုက်ရင် လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ရပ်နဲ့ သိပ်မကွာဘူးဆိုတာ ထင်ထင်ရှားရှား သိရမှာပါ။

စက်လှေပေါ်မှာ သူတို့ကို မကြာခဏ ရိုက်နှက်ကန်ကျောက်တယ်။ တရုတ်သူဋ္ဌေးတွေ ဘာပြောနေလဲဆိုတာ သူတို့နားမလည်တော့ အရှုပ်အထွေးတွေ ဖြစ်ရတယ်လို့ လောင်ရှင်း ၆၂၉ ငါးဖမ်းစက်လှေပေါ်မှာ လိုက်ပါခဲ့သူတွေက ပြောပါတယ်။ သူ့သူငယ်ချင်းတွေဟာ မသေခင်ကတည်းက တစ်ကိုယ်လုံးဖောယောင်နေတယ်လို့ ငါးဖမ်းသမားတစ်ယောက်က ဆိုပါတယ်။ နောက်တစ်ယောက်ပြောပုံအရတော့ သူတို့ကို တစ်နေ့မှာ ၁၈ နာရီ အလုပ်လုပ်ခိုင်းပြီး ငါးစာပဲ ကျွေးပါတယ်။ ” စက်လှေပေါ်မှာပါတဲ့ တရုတ်တွေက ရေသန့်သောက်ပြီး ကျွန်တော်တို့ကိုတော့ ဖြစ်ကတတ်ဆန်း ပေါင်းခံထားတဲ့ ပင်လယ်ရေပဲ တိုက်တယ်”လို့ နာက ပြောပါတယ်။ ”နာ”ဆိုတာ သူ့ရဲ့ရှေ့ဆုံးနာမည်ပါ။ သူအပါအဝင် လောင်ရှင်းငါးဖမ်းစက်လှေပေါ်မှာ လိုက်ခဲ့သူတွေက ရှေ့ဆုံးနာမည်တစ်လုံးပဲ ဖော်ပြစေချင်ကြတယ်။

ဆီပရီနဲ့ တခြားသူတွေ နေမကောင်းဖြစ်ချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ကို ကုန်းပေါ်ခေါ်သွားပြီး ဆေးကုပေးဖို့ ကပ္ပတိန်ကို အသနားခံခဲ့ကြပါသေးတယ်။ ဆီပရီနဲ့ နောက်ထပ် ၂ ယောက် သေသွားချိန်မှာ သူတို့ရဲ့အလောင်းတွေကို အအေးခံထားပေးပြီး ကမ်းပေါ်ရောက်ရင် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ထုံးစံအတိုင်း သဂြိုဟ်ပေးဖို့ ကပ္ပတိန်ကို ခွင့်တောင်းခဲ့ပေမဲ့ ကပ္ပတိန်က ငြင်းခဲ့ပါတယ်။ ” သူတို့အလောင်းတွေကို ဘယ်နိုင်ငံကမှ လက်ခံမှာမဟုတ်ဘူးလို့ သူက ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့ အစွမ်းကုန် လုပ်ပေးနိုင်တာဆိုလို့ သူတို့အလောင်းတွေကို အစ္စလာမ်အယူအတိုင်း ရေချိုးသန့်စင်၊ ဆုတောင်းပေးပြီး ပင်လယ်ထဲ ပစ်ချလိုက်ရုံပဲ ရှိပါတယ်”လို့ နာက ပြောပါတယ်။ အဲဒီနောက်မှာတော့ ကပ္ပတိန်က ကျန်တဲ့ အင်ဒိုနီးရှားသင်္ဘောသားတွေကို တရုတ်သင်္ဘော နောက်တစ်စင်းဆီ ရွှေ့ပြောင်းပေးဖို့ သဘောတူလိုက်တယ်။

အဲဒီသင်္ဘောက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာ ကမ်းကပ်တယ်။ အဲဒီအချိန်မှာ ပါဆာရီဘူက အသည်းအသန် ဖြစ်နေပေမဲ့ အသက်ရှင်နေပါသေးတယ်။ ဘူဆန်မြို့ ဆေးရုံခုတင်မှာ ပါဆာရီဘူ လဲနေတုန်း သူ့အမေနဲ့ ဗီဒီယိုကော ပြောဖြစ်သေးတယ်။ ဒါပေမဲ့ သူ့အမေက သူ့သားကိုမှတ်မိအောင် မနည်းကြိုးစားရတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သူ့ကို နှုတ်ဆက်သွားချိန်မှာ ၂၁ နှစ်အရွယ်ပဲ ရှိသေးတဲ့ သူ့သားက ကျန်းကျန်းမာမာ၊ တောင့်တောင့်တင်းတင်း ပုံစံမျိုးလေ။ ” သားရယ် ရွာကို ပြန်ခဲ့မယ်။ ရွာရောက်ရင် မင်းကို စောင့်ရှောက်ပေးမှာပေါ့လို့ ကျွန်မ ပြောတယ်”လို့ ပါဆာရီဘူရဲ့အမေက ပြောတယ်။

ဒါပေမဲ့ သူတို့ရွာကို ပါဆာရီဘူရဲ့ အလောင်းပဲ ရောက်လာခဲ့ပါတယ်။ သူတို့ကို ပြောတာကတော့ ကျောက်ကပ် ရပ်တန့်သွားပြီး အဆုတ်ရောင်ရောဂါကြောင့် ပါဆာရီဘူ သေသွားတယ်ဆိုတာပါပဲ။ ရွာကနေ မထွက်ခင် ပါဆာရီဘူက လက်ဆွဲအိတ်ဆွဲပြီး ဝံ့ဝံ့ကြွားကြွား ရိုက်ထားတဲ့ သူ့ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့သေးတယ်။ ” ပိုကောင်းတဲ့ အနာဂတ်ကို ထုဆစ်ပုံဖော်ဖို့ ငါသွားတော့မယ်”ဆိုတဲ့ စာသားနဲ့ပေါ့။ သူတို့မိသားစုက ဆူမားတြားကျွန်းရဲ့ ဝေးလံခေါင်သီတဲ့နေရာမှာ နေသူတွေပါ။ သူ့အလောင်းကို သူ့မိသားစုအိမ်ဘေးမှာပဲ မြှုပ်လိုက်တယ်။ ” ကျွန်တော့်ညီလေး သေဆုံးမှုက နိုင်ငံခြားငါးဖမ်းသင်္ဘောတွေပေါ်က ကျွန်ပြုခိုင်းစေမှုကို ဖော်ထုတ်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒီကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ မျှော်လင့်ပါတယ်”လို့ ပါဆာရီဘူရဲ့အစ်ကို ရိုမန်က ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရက ကိုယ့်နိုင်ငံသားတွေ ကျွန်မခံရအောင် ကာကွယ်ပေးနိုင်ဖို့ အခုထက် ပိုပြီးအားထုတ်သင့်တယ်လို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းခဲ့ပါတယ်။ လောင်ရှင်း ၂၆၉ သင်္ဘောပေါ်မှာ အသက် ၁၉ နှစ်ကနေ ၂၄ နှစ်ကြား အရွယ်ရှိတဲ့ ငါးဖမ်းသမား ၄၉ ယောက် လိုက်ပါခဲ့တဲ့အနက် အသက်ရှင်လွတ်မြောက်သူအားလုံး လုပ်ခလစာ အပြည့်အဝမရခဲ့ပါဘူး။ သူတို့တွေဟာ Dalian Ocean fishing Co Ltd က ပိုင်ဆိုင်တဲ့ အနည်းဆုံး ငါးဖမ်းစက်လှေ ၄ စင်းပေါ်မှာ အနေဆင်းရဲ၊ အစားဆင်းရဲ အခြေအနေမျိုးနဲ့ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း ခံခဲ့ရတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံ ၂ နိုင်ငံလုံးက ငါးဖမ်းသမားတွေရဲ့ မိသားစုတွေကို ဖြေရှင်းချက်ပေးမယ်လို့ ကတိပေးထားပါတယ်။ ငါးဖမ်းသင်္ဘောတွေပေါ်မှာ သင်္ဘောသားတွေကို ဆက်ဆံတဲ့ပုံစံက လူမဆန်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံက မှတ်ချက်ပေးထားပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ကံဆိုးတဲ့ မတော်တဆမှုလို့ သုံးနှုန်းထားပါတယ်။

သူတို့တွေက အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့ လက်တွဲပြီး တစ်လုံးတပါဒမကျန် စုံစမ်းစစ်ဆေးနေပြီလို့ တရုတ်သံရုံးက ပြောပါတယ်။ လူငယ်သင်္ဘောသားတွေ ခေါ်ယူခဲ့တဲ့ အင်ဒိုနီးရှားလုပ်ငန်းစုတွေကို စုံစမ်းစစ်ဆေးရာမှာတော့ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။ သူတို့က လူကုန်ကူးမှုဥပဒေအရ အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမှာပါ။ ဒီကုမ္ပဏီက အင်ဒိုနီးရှားသင်္ဘောသားတွေရဲ့ အခွင့်အရေး အပြည့်အဝကို ဖြည့်ဆည်းပေးအောင် သေချာပေါက် လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ငါးဖမ်းသမားများ အေဂျင်စီအဖွဲ့အစည်း(IFMA)ကတော့ အင်ဒိုနီးရှားအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ မရှိဘဲ ငါးဖမ်းသမားတွေကို ခေါ်ယူနေတဲ့ တရားမဝင်အေဂျင်စီတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားပြည်သူတွေက ဖိအားပေးချိန်မှာတော့ နိုင်ငံခြားသင်္ဘောတွေပေါ်မှာ အင်ဒိုနီးရှားငါးဖမ်းသမားတွေ အလုပ်လုပ်ခွင့်ကို ၆ လ ရပ်ဆိုင်းထားဖို့ စဉ်းစားနေတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။ ဆီပရီကို အလုပ်ခေါ်ယူခဲ့တဲ့ လုပ်ငန်းစုကတော့ နစ်နာကြေး ရူပီး သန်း ၂၅၀ ( ပေါင် ၁၃၀၀၀) ပေးမယ်လို့ အာမခံထားပါတယ်။ ဒါပေမဲ့ ဆီပရီရဲ့အစ်မ ရီကာလိုချင်တာ နစ်နာကြေးမဟုတ်ပါဘူး။ သူ့မောင်လေး ဘာလို့ဒီလိုအဖြစ်ဆိုး ကြုံခဲ့တာလဲဆိုတဲ့ ဖြေရှင်းချက်ပါ။ ရီကာ ပြောတာကတော့ ”အဲဒီစက်လှေပေါ်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိဖို့လိုတယ်။ ဒီလိုအဖြစ်မျိုး တွေ့ကြုံခံစားခဲ့ရတာ ကျွန်မတို့မိသားစု နောက်ဆုံးဖြစ်ပါစေ”ဆိုတာပါပဲ။

BBC သတင်းဌာန၏ The Indonesian fishermen whose bodies were thrown overboard ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top