ကန်ဒေါ်လာ ၈၃၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီး ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ အရေအတွက်က အများဆုံးဖြစ်

26-6-2020-yyl-016.jpg


(၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်တဲ့ ဇွန် ၂၆ ရက်(ဒီနေ့)မှာ အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်း ၁၁၃ မျိုးကို ဖျက်ဆီးခဲ့ပါတယ်။


ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးမြို့တွေနဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်း ၁၁၃ မျိုးအပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၅၀ ကိုလည်း ဖျက်ဆီးခဲ့ပါတယ်။
”ဒီနှစ်က ၂၀၁၉ ခုနှစ်ထက်စာရင် အမှုအရေအတွက်လည်း များတယ်။ မီးရှို့ဖျက်ဆီးတဲ့ပမာဏလည်း များတယ်။ ဒီနှစ်က မူးယစ်ဆေးဝါးပမာဏအနေနဲ့ရော၊ တန်ဖိုးအနေနဲ့ရော ပိုမိုဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါတယ်”လို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဝေက ပြောပါတယ်။


၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၀၁ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတ်ပစ္စည်း ၅၉ မျိုး ဖျက်ဆီးခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်မှာ အမေရိကန်ဒေါ်လာ ၅၃၈ သန်းကျော် ပိုမိုဖျက်ဆီးနိုင်ခဲ့တာပါ။ အမှုပေါင်း အနေနဲ့လည်း ၂၀၁၉ ခုနှစ်ကထက် ၁၂၈၇ မှု ပိုမိုဖမ်းဆီးနိုင်ခဲ့ပါတယ်။


အခုနှစ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ၂၀၁၉ ခုနှစ်ကထက် ၃ ဆခန့် ပိုမိုဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ အရေအတွက်က အများဆုံးဖြစ်တယ်လို့ ဒုတိယရဲမှူးကြီးလှဝေက ဆိုပါတယ်။


နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top