စင်ကာပူဆိုတာ ကမ္ဘာပေါ်မှာ ခေတ်မီမြို့ပြစနစ် အထွန်းကားဆုံးနိုင်ငံ တစ်နိုင်ငံပဲ။ မိုးမျှော်အဆောက်အအုံတွေ အပြိုင်းပြိုင်း၊ တန်ဖိုးကြီး ဇိမ်ခံတိုက်ခန်းတွေ တလက်လက်နဲ့။ ဒါပေမဲ့ အဘိုးအိုတစ်ယောက်ကတော့ ဘယ်သူမှ မသိတဲ့ အနေအထားနဲ့ သစ်တောထဲမှာ တဲထိုးပြီး နှစ် (၃၀)လုံးလုံး နေထိုင်ခဲ့တယ်။ သူ့နာမည်က အိုဂိုဆန်း။ ၇၉ နှစ်အရွယ် ရှိနေပေမဲ့ ဖျတ်ဖျတ်လပ်လပ်ပဲ။ အခုလအစောပိုင်းကျမှ တောထဲမှာ တစ်ယောက်တည်း နေခဲ့တဲ့ သူ့အကြောင်း ပျံ့နှံ့သွားပြီး စင်ကာပူလူတွေ မယုံနိုင်အောင် ဖြစ်ကုန်ကြတယ်။
ဖြစ်ပုံက ဒီလို။ ပြီးခဲ့တဲ့နှစ် ခရစ္စမတ်နေ့မှာ လိုင်စင်မရှိဘဲ အိုဂိုဆန်း ဈေးရောင်းနေတာကို စည်ပင်အရာရှိတွေက တွေ့သွားတယ်။ အိုဂိုဆန်းက အရင်တုန်းက ဈေးတွေမှာ ပန်းလိုက်ရောင်းတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်တော့ ပန်းရောင်းတဲ့အလုပ်က အဆင်မပြေတော့ဘူး။ အဲဒါနဲ့ သူ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ ငရုပ်သီးလေးတွေ ရောင်းတယ်။
အဲဒီနေ့မှာ အိုဂိုဆန်းနဲ့ ဈေးဝယ်တစ်ယောက် စကားကတောက်ကဆဖြစ်ပြီး ဈေးဝယ်သူက စည်ပင်ကို သွားတိုင်လိုက်တာ။ စင်ကာပူမှာက လိုင်စင်မရှိဘဲ ဈေးရောင်းလို့မရဘူး။ လိုင်စင်မရှိဘဲ ဈေးရောင်းနေတဲ့ အိုဂိုဆန်းရဲ့ပစ္စည်းတွေကို စည်ပင်တွေက သိမ်းသွားတယ်။ အဲဒီလို ဖြစ်နေချိန်မှာ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ဒီဖြစ်ရပ်ကို သတိထားမိသွားတယ်။ အိုဂိုဆန်းဘက်က မှားနေတာဆိုတော့ သူလည်း ဘာမှ ဝင်ပြောလို့မရဘူး။ ဒါပေမဲ့ သူက ဗီဒီယိုရိုက်ပြီး ဖေ့ဘွတ်ခ်ပေါ် တင်လိုက်တယ်။ ဒီဗီဒီယိုက ပျံ့နှံ့သွားပြီး ဒေသခံအမတ်တစ်ယောက်ပါ ဒီအကြောင်း သိသွားတယ်။ အမတ်မင်း လျှံအန်းဟွာက အိုဂိုဆန်းကို စကားပြောကြည့်ရင်းနဲ့မှ နှစ် ၃၀ လုံးလုံး တောထဲမှာ တစ်ယောက်တည်း နေလာခဲ့တဲ့အကြောင်း သိသွားတာပါ။
အိုဂိုဆန်းက ဆန်ဂီတန်ဂါရွာမှာ ကြီးပြင်းလာခဲ့တာပါ။ ၁၉၈၀ ပြည့်နှစ်တစ်ဝိုက်ကျတော့ သူတို့နေတဲ့ရွာတွေ ဖျက်ရတယ်။ အထပ်မြင့်တိုက်တွေ ဆောက်ဖို့ပေါ့။ ရွာသားအများစုကို အစိုးရက အိမ်အသစ်တွေ ချထားပေးတယ်။ ဒါပေမဲ့ အိုဂိုဆန်းကတော့ အိမ်မရဘူး။ သူ့အစ်ကိုက အစိုးရကပေးတဲ့တိုက်ခန်းရတယ်။ အိုဂိုဆန်းကိုလည်း သူနဲ့လာနေဖို့ ပြောတယ်။ ဒါပေမဲ့ အိုဂိုဆန်းက မိသားစုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ဒီတော့ အရင် သူနေခဲ့တဲ့အိမ်နားက သစ်တောထဲမှာပဲ တဲထိုးပြီး တစ်ယောက်တည်းနေတယ်။
တဲဘေးမှာ စိုက်ခင်းရှိတယ်။ အဲဒီစိုက်ခင်းမှာ သူက ဟင်းသီးဟင်းရွက်တွေ စိုက်တယ်။ သစ်ပင်အောက်မှာ တဲထိုးထားတာဆိုတော့ အရိပ်ကောင်းတယ်။ စင်ကာပူမှာ အပူချိန်နဲ့ စိုထိုင်းဆမြင့်နေပေမဲ့ အိုဂိုဆန်းကတော့ အေးအေးဆေးဆေးပါပဲ။ တစ်ယောက်တည်း နေရတာ အထီးကျန်ပေမဲ့ သူလည်း စိုက်ခင်းထဲမှာပဲ အချိန်ကုန်နေတာ များတယ်။ တောထဲမှာနေရတာ ကောင်းပေမဲ့ အဆိုးရွားဆုံးကတော့ ကြွက်တွေပဲ။ တဲထဲဝင်လာပြီး သူ့အဝတ်အစားတွေကို ကိုက်တယ်လေ။
အိုဂိုဆန်းက ကျပန်းအလုပ်တွေလည်း လုပ်တယ်။ တစ်ခါတရံ သူက လုပ်အားခ ပိုက်ဆံရရင် ကူးတို့စီးပြီး အင်ဒိုနီးရှားနိုင်ငံ ဘာတမ်းကျွန်းကို သွားလေ့ရှိတယ်။ ဘာတမ်းကျွန်းမှာပဲ သူ့မိန်းမနဲ့ ဆုံခဲ့တာလေ။ သူ့မိန်းမနာမည်က မာဒမ်တာစီတဲ့။ သူတို့မှာ သမီးလေးတစ်ယောက် ရှိတယ်။ မဒမ်တာစီတို့ သားအမိကတော့ ဘာတမ်းကျွန်းမှာပဲ နေကြတာပါ။ စင်ကာပူမှာရှိတဲ့ အိုဂိုဆန်းရဲ့မိသားစုက အိုဂိုဆန်း ဘယ်လိုနေလဲဆိုတာ မသိသလို မဒမ်တာစီတို့ သားအမိကလည်း သူ့အကြောင်း မသိကြဘူး။ အိုဂိုဆန်းကို ဘယ်မှာနေလဲလို့မေးရင် သူက စိုက်ခင်းထဲမှာ နေတယ်ပဲ ပြောတယ်လေ။
ကပ်ရောဂါကာလမှာ စင်ကာပူက နယ်စပ်တွေကို ပိတ်လိုက်ပြီး ကွာရန်တင်းဝင်ဖို့၊ ကိုဗစ်-၁၉ စစ်ဆေးဖို့ ငွေကုန်ကြေးကျခံမယ့်သူတွေကိုပဲ ခရီးသွားခွင့် ပေးတယ်။ အဲဒီတော့ အိုဂိုဆန်းလည်း ဘာတမ်းကျွန်းကို မရောက်ဖြစ်တော့ဘူး။ ဒါပေမဲ့ အိုဂိုဆန်းက တစ်လကို စင်ကာပူဒေါ်လာ ၅၀၀၊ ၆၀၀ လောက်တော့ ထောက်ပံ့ပေးတုန်းပဲ။ သူ့သမီးလေးက အခုဆိုရင် ၁၇ နှစ်အရွယ်ရှိပြီ။
စင်ကာပူမှာ အိမ်ရာမဲ့ဆိုတာ တော်တော်ရှားတယ်။ စင်ကာပူပြည်သူတွေက ပျမ်းမျှကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပါတယ်။ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင် စင်ကာပူနိုင်ငံရဲ့ လူတစ်ဦးပျမ်းမျှ ပြည်တွင်းကုန်ထုတ်လုပ်မှုက ဒေါ်လာ ၆၀၀၀၀ ဝန်းကျင် ရှိတယ်။ အများပြည်သူ အိမ်ရာစီမံကိန်းကလည်း လွှမ်းခြုံမှုအားကောင်းတယ်။ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စင်ကာပူအစိုးရ အိုးအိမ်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ လက်အောက်ခံအိမ်ရာတွေမှာ နေထိုင်ကြတာပါ။ စင်ကာပူတစ်နိုင်ငံလုံးမှာ အိမ်ရာမဲ့ ၁၀၀၀ လောက်ပဲ ရှိမယ်။
အိုဂိုဆန်းကတော့ ဒီလအစောပိုင်းမှာ နေအိမ်အသစ် ရသွားပြီ။ ဒေသခံအမတ်မင်းအဖွဲ့ရဲ့ အကူအညီအရ အိုဂိုဆန်းနဲ့ တခြားအမျိုးသားတစ်ယောက်ကို အိမ်တစ်လုံးမှာ နေရာချထားပေးတယ်။ အိုဂိုဆန်းကို သူ့ဇနီး၊ သမီးနဲ့ ပြန်ဆုံခွင့်ရစေဖို့ ကာလရှည် လူမှုအကူအညီလည်း ပေးအပ်သွားဖို့ ရှိတယ်။အခုလက်ရှိ အိုဂိုဆန်း နေတဲ့ အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းမှာတော့ ရေခဲသေတ္တာ၊ တီဗီ၊ ရေပူစက်၊ ရေနွေးခရား စတဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ပါတယ်။ တော်တော်များများကတော့ စိတ်ကောင်းရှိသူတွေ လှူပေးကြတာပါ။ အဲဒီပစ္စည်းတွေထဲမှာ အိုဂိုဆန်းကတော့ ရေပူစက်ကို သဘောအကျဆုံးပဲ။ တောထဲမှာတုန်းကဆိုရင် သူက ရေကန်ထဲက ရေနဲ့အဝတ်လျှော်တာလေ။ ဘုံပိုင်ရေသုံးတာဆိုတော့ အရမ်းအေးလွန်းတယ်။
အိုဂိုဆန်းက အခု ပြည်ပလုပ်သားတွေကို တစ်နေရာကနေ နောက်တစ်နေရာ လိုက်ပို့ပေးရတဲ့ ယာဉ်မောင်းအလုပ် လုပ်တယ်။ တစ်ခါတလေလည်း စိုက်ခင်းမှာ အလုပ်လုပ်တယ်။ နှစ်သစ်ကူးနေ့တုန်းက သူ့မိသားစုနဲ့အတူ စင်ကာပူမှာ ပျော်ပျော်ပါးပါး ဆုံစည်းခွင့်ရတာ နှစ် ၃၀ အတွင်း ပထမဆုံးပဲ။ ” အားရပါးရ စားပစ်တာပဲ။ ဟိုးအရင်နှစ်တွေတုန်းက ကျွန်တော် မစားဖူးတဲ့ အစားတွေ များသားဗျ။ အံ့သြစရာကြီး။ တီဗီကြည့်ခွင့်ရတာလည်း နှစ် ၃၀ ကျော်အတွင်း ပထမဆုံးပဲ။ တီဗီကြည့်ရတာ တော်တော်သဘောကျတယ်” လို့ အိုဂိုဆန်းက ပြောပါတယ်။
သူက တိုက်ခန်းမှာ နေရတာကို သဘောကျပေမဲ့ နှစ် ၃၀ လုံးလုံး သူနေထိုင်ခဲ့တဲ့ တောထဲက သဘာဝရဲ့လွတ်လပ်မှုအရသာကိုတော့ သူ လွမ်းမောနေဆဲပါပဲ။ ” တောထဲမှာ နှစ်အကြာကြီး နေခဲ့တာဆိုတော့ တောထဲမှာ နေရတာကို လွမ်းတာပေါ့။ အခုချိန်အထိ နေ့တိုင်း တောထဲကို ပြန်သွားဖြစ်တုန်းပဲ။ မနက် ၃ နာရီ အိပ်ရာနိုးရင် အဝတ်အစားလဲပြီး တောထဲက စိုက်ခင်းကို သွားကြည့်တယ်။ အလုပ်မသွားခင်ပေါ့”။
Ref: BBC “The man who lived in a Singapore forest for 30 years”
Nz ( ရိုးရာလေး)