ဓာတ်ပုံဆရာတစ်ဦးရိုက်ကူးထားတဲ့ ရှားပါးခြင်္သေ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ဓာတ်ပုံများ

12-1-2021-yyl19.jpg

လော့စ်အိန်ဂျယ်လိစ်မြို့မှာ နေထိုင်တဲ့ ဗြိတိန်ဓာတ်ပုံဆရာ ဆိုင်မွန် နီတ်ဟမ် (Simon Needham) ဆိုသူက တောရိုင်းတိရစ္ဆာန်လောကကို ဓာတ်ပုံတွေနဲ့တကွချပြနေသူတစ်ယောက်ပါ။ ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ဓာတ်ပုံရိုက်ချက်တွေနဲ့ တောရိုင်းတိရစ္ဆာန်လောကို မီးမှောင်ထိုးပြထားတာက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့အလှတရားကို အရမ်းကို ပေါ် လွင်စေပါတယ်။ မကြာသေးခင်ကမှ ဆိုင်မွန် ရိုက်ကူးခဲ့တဲ့ တိရစ္ဆာန်တွေရဲ့ဘုရင်လို့တင်စားခေါ်ဝေါ်ထားကြတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ဓာတ်ပုံတွေက လက်ရာမြောက်ပြီး ကြည့်ရှုသူတွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ အဲဒီခြင်္သေ့က စာဖတ်ပရိသတ်တွေမြင်ဖူးနေကျမဟုတ်တဲ့ ရှားပါးခြင်္သေ့ဖြူဖြစ်ပါတယ်။

ဆိုင်မွန်က အသက် ၆ နှစ်အရွယ် မိုရာဆိုတဲ့ ရှားပါးခြင်္သေ့ဖြူကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြခဲ့တာပါ။ မိုရာက တောင်အာဖရိရဲ့ Glen Garriff Conservation ခြင်္သေ့ဘေးမဲ့တော မှာ နေထိုင်ကျက်စားနေတာဖြစ်ပါတယ်။ ဆိုင်မွန်က တိရစ္ဆာန်တွေကို ချစ်တတ်သူဖြစ်ပြီး မိုရာကို စတွေ့တွေ့ချင်း သူ့ရဲ့အလှတရားကြောင့် အံ့သြမင်သက်ခဲ့ရပါတယ်။ ခြင်္သေ့ဖြူတွေက တောရိုင်းတိရစ္ဆာန်တွေထဲမှာ ရှားပါးပါတယ်။ ရွှေရောင်ကနေ အဖြူရောင်ဖြစ်နေရတာက မျိုးရိုဗီဇဆိုင်ရာ သန္ဓေပြောင်းလဲမှုရဲ့ရလဒ်ကြောင့်ပါ။

ဆိုင်မွန်ကတော့ ရှုထောင့်အမျိုးမျိုးကနေ မိုရာကို အနီးကပ်ရိုက်ကူးထားပါတယ်။ သူဟာ မိုရာနားကပ်ဖို့အတွက် ခက်ခဲခဲ့ပေမဲ့ မိုရာရဲ့အလှတရားအစစ်အမှန်ကို သေချာလေးရိုက်ပြနိုင်ခဲ့ပါတယ်။ မိုရာရဲ့ဆွဲဆောင်မှုရှိလှတဲ့ပုံတွေက လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားခဲ့ပြီး မီဒီယာတွေမှာ ဖော်ပြလာခဲ့ကြပါတယ်။ ဆိုင်မွန်က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သူ့ရဲ့ရှားပါးခြင်္သေ့ဖြူဓာတ်ပုံတွေက လူအများရဲ့စိတ်ဝင်စားမှုရရှိခဲ့တဲ့အတွက် ပျော်တယ်လို့ ဆိုထားပါတယ်။ GG Conservation မှာ ခြင်္သေ့ (၇၇) ကောင်ရှိပြီး အဲဒီအထဲက ခြင်္သေ့တစ်ကောင်က လူအများရဲ့စိတ်ဝင်စားမှုရရှိခဲ့တဲ့အတွက် GG အတွက် ကောင်းတယ်လို့ ဆိုထားပါတယ်။

တောရိုင်းတိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ကူးတာရဲ့သော့ချက်ကတော့ စိတ်ရှည်ပြီး ဓာတ်ပုံတစ်ပုံကို အန္တရာယ်ကင်းကင်းနဲ့ရိုက်နိုင်ဖို့ မှန်ကန်တဲ့ရှုထောင့်ကို ရွေးချယ်နိုင်ဖို့ပါတဲ့။ ဆိုင်မွန်က အသက်မွေးဝမ်းကျောင်းအနေနဲ့ Graphic Designer အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး တက္ကသိုလ်က သူငယ်ချင်းတစ်ယောက်နဲ့ Advetising Agency ကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့စီးပွားရေးလုပ်ငန်းကို ရောင်းပြီး ခရီးသွားကာ ဓာတ်ပုံရိုက်ကူးချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့တာပါ။ သူက Brand အကြီးတွေအတွက်ရော အသေးတွေအတွက်ပါ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းက NGOs အဖွဲ့အစည်းတွေအတွက်လည်း ရိုက်ကူးပေးခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်တဲ့အဖွဲ့အစည်းတော်တော်များများနဲ့လည်း အလုပ်တွဲလုပ်ကိုင်ခဲ့ဖူးပါတယ်။

Ref: BoredPanda “Photographer Immortalizes The King Of Animals In His 30 Incredible Photos”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top