ဒေးဗစ်နဲ့ နီမက်စ်တို့ အပါအဝင် လူ ၁၅ ယောက် လိုက်ပါတဲ့ ငါးဖမ်းစက်လှေက နိုဝင်ဘာ ၂၇ ရက်မှာ အိန္ဒိယတောင်ပိုင်း ကမ်းရိုးတန်းကနေ ထွက်ခွာခဲ့တယ်။ သူတို့က အာရေဘီယန်ပင်လယ်ပြင်ရဲ့ ရေနက်ပိုင်းမှာ သီတင်းပတ် ၃ ပတ်ကြာ ငါးသွားဖမ်းကြမှာပါ။ ခရစ္စမတ်ကျရင် အိမ်ပြန်လာခဲ့မယ်လို့ မိသားစုတွေကို ကတိပေးခဲ့ပေမဲ့ သီတင်းပတ် တော်တော်ကြာတဲ့အထိ သူတို့ဆီက ဘာသတင်းမှ မကြားခဲ့ရဘူး။ အစပိုင်းမှာ မိသားစုတွေက စိတ်မပူပေမဲ့ ခရစ္စမတ်အထိ ပြန်ရောက်မလာချိန်မှာတော့ စိုးရိမ်လာကြတယ်။ ၂၀၁၇ တုန်းက အိန္ဒိယတောင်ပိုင်း ကမ်းရိုးတန်းကို အရှိန်အဟုန်ပြင်းပြင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း အော့ခီကြောင့် ငါးဖမ်းသင်္ဘောသားဒါဇင်ချီ သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို ပြန်တွေးမိလာလို့ပါ။
ဒေးဗစ်နဲ့ နီမက်စ်တို့ကတော့ ပင်လယ်ထဲမှာ ဒုက္ခမျိုးစုံနဲ့။ သူတို့ စက်လှေက စတင်ထွက်ခွာပြီး ၇ ရက်အကြာမှာ အင်ဂျင်ပျက်သွားလို့ ပင်လယ်ထဲမှာ ၅ ရက်ကြာ မျောပါခဲ့တယ်။နောက်တော့ သီရိလင်္ကာငါးဖမ်းသင်္ဘောတစ်စီးက သူတို့စက်လှေကို ဆွဲလာပေးတယ်။ သီရိလင်္ကာငါးဖမ်းသင်္ဘောတွေက အိန္ဒိယရေပိုင်နက်ထဲ ဝင်ခွင့်မရလို့ သူတို့စက်လှေကို ရေအနက် ၈ မီတာပဲရှိတဲ့ နေရာအထိ ခေါ်လာပေးတယ်။ သူတို့လည်း ဘေးကင်းပြီထင်ပြီး ကျောက်ချထားရင်း အနီးတစ်ဝိုက်က အိန္ဒိယငါးဖမ်းစက်လှေတွေကို လာကူပေးဖို့ အချက်ပြတယ်။ ၃ ရက်ကြာတော့ ငါးဖမ်းစက်လှေတစ်စီး ရောက်လာတယ်။ ဒါပေမဲ့ အဲဒီစက်လှေကသူတို့စက်လှေကို ဆွဲနိုင်လောက်တဲ့ အင်ဂျင်ပါဝါမျိုး မရှိဘူး။ ဒီတော့ ဒေးဗစ်တို့ရဲ့ စက်လှေပိုင်ရှင်ကို သူတို့ဂီယာအုံကို ဖြုတ်ပြီး သွားပြင်မယ်ဆိုကာ လိုက်သွားတယ်။
ဒေးဗစ်နဲ့ နီမက်စ်အပါအဝင် တခြားငါးဖမ်းသမားတွေကတော့ ကျောက်ချပြီး စက်လှေပေါ် ဆက်နေကြတာပေါ့။ ကံဆိုးချင်တော့ လေပြင်းတိုက်ပြီး သူတို့ရဲ့ ကျောက်ဆူးကြိုး ၂ ချောင်းလုံး ပြတ်ပြီး ပင်လယ်ထဲ မျောပြန်သွားပြန်ရော။ လမ်းပြကိရိယာကို ကြည့်လိုက်တော့ ရေမိုင် ၂၉ မိုင်လောက်ဝေးတဲ့နေရာမှာ ဆော်လမွန်ကျွန်းစုထဲက ကျွန်းတစ်ကျွန်းတွေ့တယ်။ ငါးဖမ်းစက်လှေပေါ်က လူတွေလည်း ရော်ဘာလှေပေါ် စားနပ်ရိက္ခာတွေ အဲဒီကျွန်းဆီ သွားကြတယ်။ ရော်ဘာလှေပေါ် လူ ၉ ယောက်ပဲ လိုက်လို့ရတော့ ၅ ယောက်က စက်လှေပေါ် ကျန်နေခဲ့တယ်။
ရော်ဘာလှေပေါ် ကျန်နေခဲ့တဲ့ ၅ ယောက်ကို ပြန်လာခေါ်တဲ့အခါ လှေက မျောသွားလို့ တစ်နာရီလောက် လိုက်ရှာရတယ်။ သူတို့ ၁၄ ယောက်လုံး ကျွန်းပေါ် ရောက်သွားလို့ ကြည့်လိုက်တဲ့အခါ အဲဒီကျွန်းက လူမနေတဲ့ကျွန်း။ ရိက္ခာလေးနည်းနည်းနဲ့ ဒီကျွန်းပေါ်မှာ အသက်ရှင်အောင် နေရတာဟာ သူတို့အတွက် စိန်ခေါ်မှုပဲ။ ဘယ်အချိန်မှ ကယ်မယ့်သူတွေ ရောက်လာမလဲဆိုတာ မသိဘူးလေ။ ရိက္ခာက ၁၀ ရက်စာလောက် ပါပေမဲ့ သောက်စရာ ရေမရှိဘူး။ ဒီတော့ အုန်းပင်ပေါ်က အုန်းသီးခူး၊ အုန်းရေသောက်ပြီး ရှင်သန်ကြတယ်။ မိုးရွာရင် ပလတ်စတစ်စတွေနဲ့ ရေခံတယ်။
၅ ရက်ကြာတော့ ( ဒီဇင်ဘာ ၂၇ ရက်နေ့မှာ) ခပ်ဝေးဝေးမှာ သင်္ဘောတစ်စီး လှမ်းတွေ့တယ် . . . ဗြိတိန်သင်္ဘော။ သစ်ပင်မှာ အနီရောင် အဝတ်စချည်ပြီး အကူအညီတောင်းတဲ့ အချက်ပြတယ်။ ၂ နာရီလောက် ကြာတော့ သင်္ဘောသားလေးယောက် ရောက်လာတယ်။ သူတို့ဆီမှာ ရေဘူးတွေနဲ့ သစ်သီးခြင်းတွေ ပါတယ်။ ငါးဖမ်းစက်လှေပေါ်က လူတွေကို ရော်ဘာလှေနဲ့ သင်္ဘောပေါ် ခေါ်သွားတယ်။
သင်္ဘောပေါ်ရောက်တော့ ရေချိုး၊ အစားအစာကျွေး၊ ကျန်းမာရေးစစ်ဆေးပေးပြီး အိန္ဒိယတောင်ပိုင်းကမ်းရိုးတန်းက ကမ်းခြေစောင့်တပ်ဖွဲ့ဆီ ပို့ပေးခဲ့တယ်။ အဲဒီနေ့က ဇန်နဝါရီလ ၂ ရက်နေ့။ အခုတော့ ငါးဖမ်းစက်လှေပေါ်က လူ ၁၄ ယောက်လုံး သူတို့မိသားစုတွေနဲ့ ပြန်လည်ဆုံစည်းခွင့် ရခဲ့ပါပြီ။
Ref: Tamil Nadu: The miraculous return of Indian fishermen lost at sea
NZ (ရိုးရာလေး)