ကလေးငယ်တွေအတွက် အမြဲစိတ်ပူနေရတဲ့ မိဘတွေရဲ့ပြဿနာကို ဖြေရှင်းပေးလိုက်တဲ့ တည်နေရာပြ စမတ်နာရီ

38405394_292521611504586_1573062369507016704_n.jpg

ကလေးငယ်တွေရဲ့ ငယ်ရွယ်စဉ်ကာလမှာ စမတ်ဖုန်း၊ ကွန်ပျူတာ စခရင်မျက်နှာပြင် တွေနဲ့ပဲ အချိန်များများ အာရုံစိုက်ဖြစ်နေပြီး အိုင်တီပစ္စည်းအိုင်တီပစ္စည်းတွေက ထွက်လာတဲ့ ရေဒီယိုလှိုင်းတွေနဲ့ အစဉ်သဖြင့် ထိတွေ့နေတာဟာ သူတို့အတွက် ကျန်းမာရေးရှုထောင့်အရ အတော်လေး မသင့်လျော်တဲ့ အလေ့အထ၊ အမူအကျင့် တစ်ခုပါပဲ။

ကလေးသဘာဝအရတော့ ဟိုဟိုဒီဒီ သွားချင်လာချင်မယ်။ စူးစမ်းချင်မယ်။ အိမ်အပြင်ထွက် လျှောက်ပြေးဆော့ချင်မယ်။ ဒါက အိမ်မှာထိုင်ပြီး ဖုန်းကို အချိန်ကြာကြာ သုံးစွဲနေမှာထက်တော့ ကလေးရဲ့ စိတ်ပိုင်း ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို များစွာအကျိုးပြုပါတယ်။

ဒီနေရာမှာ ပြဿနာက ကလေးငယ်တွေကို နေရာတကာ အမြဲ စိတ်မချဖြစ်နေရတဲ့ မိဘတွေရဲ့ စိုးရိမ်စိတ် ဖြစ်ပါတယ်။ ကလေးတွေ ဖုန်းကို စွဲလမ်းနေမှာစိုးလို့ မူလတန်း မပြီးခင် အရွယ်အထိ ဖုန်းကိုလည်း ပေးမကိုင်ချင်ကြတာ မိဘတိုင်းပါပဲ။ နောက်တစ်ခုက ကလေးတွေရဲ့ လွတ်လပ်မှုကို လိုလားရင်တောင် လွတ်လပ်ခွင့် အရမ်းပေးဖို့ ခက်ခဲလာတဲ့ ခေတ်ပါပဲ။ ဖုန်းသုံးဖို့ ခွင့်မပြုနိုင်တော့ ကျောင်းသွားကျောင်းပြန်ချိန်မှာ သူတို့နောက် တကောက်ကောက်လိုက်နေရတာ၊ အိမ်အပြင်ထွက် ဆော့ကစားချိန်တွေမှာ မျက်လုံး ဒေါက်ထောက်ကြည့်နေရတာက မိဘတွေအတွက် အလုပ်ပိုတစ်ခု တိုးလာသလို ဒီဘက်ခေတ် မြို့ပြမှာ ကလေးတွေကို အရမ်းကာရော စိတ်လွတ်ကိုယ်လွတ် လွှတ်ထားပေးလို့ မရတဲ့ အခြေအနေကလည်း အားလုံးအသိပါ။ ကလေးမွေးထားတဲ့ မိဘတွေအတွက်တော့ အဘက်ဘက်က ခေါင်းကိုက်စရာပါပဲ။

ဒီပြဿနာကို ဖြေရှင်းပေးဖို့ စမတ်နာရီ တစ်မျိုး ထွက်ပေါ်လာခဲ့ပါပြီ။ ဒီနာရီကို တီထွင်သူကတော့ ကလေးမိခင်တစ်ဦးဖြစ်တဲ့ ကောလင်းဝေါင်း (Colleen Wong) ဖြစ်ပါတယ်။ နာရီအတွက် ရှစ်လတာကာလကြာ အချိန်ယူ ပြင်ဆင်ပြီး ထုတ်လုပ်ခဲ့တာပါ။ ဒီစိတ်ကူးကို သူရလာပုံက ဒီလိုပါ။ အလုပ်ပိတ်ရက်မှာ သူ့ရဲ့ကလေးတွေနဲ့ အလည်အပတ်ထွက်ချိန်မှာ ခြောက်နှစ်သား ကလေးတစ်ယောက်ကို ပျောက်လို့ အပူတပြင်း လိုက်ရှာနေရတဲ့ မိခင်တစ်ဦးနဲ့ ကြုံခဲ့ရတယ်။ ဒီပူပန်မှုတွေကို အဆုံးသတ်ဖို့ ဆန္ဒပေါ်လာပြီး ကလေးနဲ့ မိဘတွေကြား အပြန်အလှန် ဆက်ဩယ်ဖို့ အလွယ်တကူ အလုပ်ဖြစ်စေမယ့် စမတ်ဖုန်း မဟုတ်တဲ့ Device တစ်ခုကို ဖန်တီးဖို့ သူ့ရဲ့စိတ်ကူး ဖြစ်လာတာပါပဲ။

ဒီနာရီကို Gator Watch လို့ ခေါ်ပါတယ်။ တည်နေရာပြ စမတ်နာရီပါပဲ။ သူ့ရဲ့ထူးခြားချက်က ဖုန်းအဝင်၊ အထွက် ခေါ်ဆိုလို့ရမှာဖြစ်ပြီး အင်တာနက် ချိတ်ဆက်မှု မပါဝင်ပါဘူး။ ယုံကြည် စိတ်ချရတဲ့ ဖုန်းနံပါတ် ၁၃ ခုကို ထည့်သွင်းထားနိုင်မှာဖြစ်တယ်။ အင်တာနက် ချိတ်ဆက်မှု မပါတဲ့အတွက် မိမိကလေး ဆိုရှယ်မီဒီယာပေါ် အချိန်ဖြုန်းနေမှာ မပူရတော့သလို အကောင်းဆုံး အားသာချက်ကတော့ ကလေး ရောက်ရှိနေမယ့်နေရာကို GPS စနစ်နဲ့ အိမ်မှာ ကွန်ပျူတာကနေ မြေပုံ တည်နေရာ အတိအကျနဲ့ ကြည့်ရှုနေရုံပါပဲ။ အချက်ပြ SOS ခလုတ်ပါဝင်ပြီး ကလေးငယ်ဟာ စိတ်ချရတဲ့ နယ်မြေကို ကျော်လွန်ပြီး သွားလာနေတဲ့အခါ ကွန်ပျူတာမှာ အချက်ပြသတိပေးမှာပါ။

တည်နေပြ စမတ်နာရီကို အသုံးပြုနေတဲ့ မိဘတစ်ဦးက “ကိုယ့်ကလေး ဘယ်မှာရှိနေလဲ အတိအကျသိနေရတော့ သူ မျက်စိရှေ့က ပျောက်သွားလည်း ဘာမှကို ပူစရာမရှိတော့ဘူး။ စိတ်ချလက်ချလည်း ရှိတယ်လေ။ သွားချင်သလိုသွား၊ စိတ်ကြိုက်ဆော့ပါစေပဲ။ အေးအေးဆေးဆေး လွှတ်ထားလို့ရသွားပြီ။ ဒီနာရီကြောင့် ကလေးတွေက ကလေးပီပီ ကစားခွင့်ပိုရလာတော့ သူတို့လည်းစိတ်ချမ်းသာသလို မိဘတွေလည်း ခေါင်းမကိုက်ရတော့ဘူး” လို့ ပြောပါတယ်။

ဒီနာရီရဲ့ နောက်ထပ် အသုံးဝင်ပုံက သက်ကြီးရွယ်အိုတွေ အတွက်ပါ။ အထူးသဖြင့် သက်ကြီးရောဂါနဲ့ မှတ်ဥာဏ်ပျောက်ဆုံးနေတဲ့ အဖိုးအဖွားတွေအတွက် အရမ်း အထောက်အကူဖြစ်ပါတယ်။ သူတို့အတွက် အိမ်ထဲမှာပဲ နေ့စဉ်နဲ့အမျှ နေခိုင်းစရာမလိုတော့သလို သူတို့ သွားချင်လာချင်သလို စိတ်ကြိုက် လွတ်လွတ်လပ်လပ် သွားခွင့်ရလာစေမှာပါ။ အိမ်အပြန် လမ်းပျောက်နေလည်း ရောက်နေတဲ့နေရာကို အပြေးလေး သွားခေါ်လိုက်ရုံပဲ မဟုတ်လား။

Ref: theguardian.com “The mum who invented an ‘SOS watch’ to help young children play freely”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top