အများသုံးဝိုင်ဖိုင်ကွန်ရက်မှာ လုံခြုံအောင် သုံးစွဲနိုင်ဖို့ နည်းလမ်းများ

wifi-router-in-an-office-background.jpg

အများသုံးဝိုင်ဖိုင်တွေက အဆင်သင့်သုံးနိုင်တဲ့အလျောက် အသုံးပြုသူတွေက သဘောကျ နှစ်ခြိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ အများသုံး ဝိုင်ဖိုင်တွေက အလွယ်တကူ ဖောက်ဝင်နိုင်တဲ့အတွက် ဟက်ကာတွေရဲ့ အဓိကပစ်မှတ် ဖြစ်နေတတ်တာကိုလည်း သိထားသင့်ပါတယ်။

ကျွန်တော်တို့က လုံခြုံမှု မရှိတဲ့ အများသုံးဝိုင်ဖိုင်တွေကို အသုံးပြုမိတဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုများပါတယ်။ ထို့ကြောင့် အများသုံးဝိုင်ဖိုင်တွေကို လုံခြုံမှုရှိရှိ သုံးနိုင်မယ့် နည်းလမ်းတွေ ကို ပြောပြလိုက်ပါတယ်။

၁။ ငွေကြေးဆိုင်ရာ အချက်အလက်တွေ ကို ရှောင်ကျဉ်ပါ

သင့်သူငယ်ချင်းနဲ့ ဘာတွေ ပြောနေတယ်၊ ပိတ်ရက်အတွက် ဘာအစီအစဉ်တွေ ဆွဲနေတယ် ဆိုတာမျိုးကို ဟက်ကာတွေက စိတ်မဝင်စားပါဘူး။ သူတို့အတွက် အကျိုးရှိနိုင်မယ့် ငွေကြေးအချက်အလက်တွေကိုသာ စိတ်ဝင်စားကြပါတယ်။ အများသုံးဝိုင်ဖိုင် အသုံးပြုနေတဲ့အခါ ဘဏ်အကောင့် အချက်အလက်၊ ခရစ်ဒစ်ကတ် အချက်အလက်တွေနှင့် အခြားသော ငွေကြေးဆိုင်ရာ အချက်အလက်တွေ အသုံးပြုရတဲ့ ငွေလွှဲပြောင်းမှု၊ ပေးချေမှုတို့လို ကိစ္စမျိုးတွေ ရှောင်ကျဉ်ပါ။ ဒါကြောင့် သူများသိလို့မရတဲ့ အချက်အလက်မျိုးတွေ အသုံးပြုရတော့မယ်ဆိုရင်လည်း ကိုယ့်အသုံးပြုမယ့် ဝက်ဆိုဒ်က လုံခြုံမှု ရှိလား အရင်စစ်ပါ။ ဝက်ဆိုဒ်လိပ်စာရဲ့ ရှေ့ဆုံးမှာပါဝင်နေတဲ့ URL က HTTPS ဖြစ်ရဲ့လားလို့ စစ်ပါ။ S ဆိုတာ က ဒီဝက်ဆိုဒ် က လုံခြုံပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွှန်းပါတယ်။

၂။ တရားဝင် အများသုံးဝိုင်ဖိုင်ကိုသာ အသုံးပြုပါ

အဖွဲ့အစည်း၊လုပ်ငန်း တစ်ခုခုက တရားဝင် အသိအမှတ်ပြု ထုတ်လွှင့်ထားတဲ့ အများသုံးဝိုင်ဖိုင်ကိုသာ အသုံးပြုသင့်ပါတယ်။ ဥပမာ – သင် က လေဆိပ်ရောက်နေတဲ့အခါ လေဆိပ်တာဝန်ရှိသူတွေက လွှင့်ပေးထားတဲ့ အများသုံးဝိုင်ဖိုင်ကိုသာ အသုံးပြုသင့်ပါတယ်။ တရားဝင်ဝိုင်ဖိုင် ဟုတ်ရဲ့လားလို့ သိချင်ရင်လည်း စုံစမ်းမေးမြန်းဖို့ ထားပေးထားတဲ့နေရာတွေမှာ သွားရောက်စစ်ကြည့်နိုင်ပါတယ်။ ဟက်ကာတွေက သူတို့ဝိုင်ဖိုင်တွေကို တရားဝင်ဝိုင်ဖိုင်တွေအဖြစ် ဟန်ဆောင် ထုတ်လွှင့်ထားပြီး သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေ ကို ခိုးယူသွားနိုင်ဖို့ ထောင်ချောက် ဆင်ထားလေ့ရှိပါတယ်။ ဒါကြောင့် သံသယဖြစ်စရာ ဝိုင်ဖိုင်မျိုးတွေကို အသုံးမပြုမိဖို့ သတိထားသင့်ပါတယ်။

၃။ မတူညီတဲ့ အီးမေးလ် အိုင်ဒီ ကို အသုံးပြုပါ

အများသုံးဝိုင်ဖိုင်အချို့က သင့်ရဲ့ အီးမေးလ်အိုင်ဒီ (သို့) ဖုန်းနံပါတ် ကို လုံခြုံမှုအတွက် စစ်ဆေးဖို့ တောင်းယူလေ့ရှိပါတယ်။ အကယ်၍ လုံခြုံမှုမရှိတဲ့ဝိုင်ဖိုင်မျိုး ကို အသုံးပြုရတဲ့အခါ သင် အဓိကအသုံးပြုနေတဲ့ အီးမေးလ် မဟုတ်တဲ့ အခြားသော အီးမေးလ်ကိုသာ ထည့်သွင်းအသုံးပြုပါ။ ဒါမှသာ အီးမေးလ်နဲ့ ချိတ်ဆက်နေတဲ့ သင် အသုံးပြုထားတဲ့မှတ်တမ်းမျိုး ကို ဝင်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်နိုင်မှာပါ။

၄။ VPNကို အသုံးပြုပါ

အများသုံးဝိုင်ဖိုင်တွေ အသုံးပြုတဲ့အခါ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ VPN (Virtual Private Network) က အကောင်းဆုံးနည်းလမ်း တစ်ခုပါ။ VPN ဆိုတာက အများသုံးကွန်ရက်ကနေ သင့်ကိုယ်ပိုင် ကွန်ရက်တစ်ခုကို တည်ဆောက်ပေးလိုက်ပြီး အချက်အလက်တွေကို လုံခြုံအောင် ပြုလုပ်ပေးတဲ့အရာမျိုး ဖြစ်ပါတယ်။ အများသုံးဝိုင်ဖိုင် သုံးနေပေမဲ့ VPN က သင့်အချက်အလက်တွေကို အခြားသူမသိအောင် ကာကွယ်ပေးထားနိုင်မှာပါ။

၅။ အသုံးမပြုရင် ပိတ်ထားပါ

ဝိုင်ဖိုင်တွေ ကို အသုံးမပြုဘဲ ဖွင့်ထားခြင်း က သင့်ရဲ့ အချက်အလက်ပေါက်ကြားဖို့ အခွင့်အလမ်း ပိုများလာစေရုံတင်မက ဘက်ထရီအားလည်း ကုန်စေပါတယ်။

အများသုံးဝိုင်ဖိုင်တွေကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက် ပေါက်ကြားမှုတွေ အများအပြား ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် အခု ပြောသွားတဲ့နည်းလမ်းတွေကို အသုံးပြုတာက အချက်အလက် ဆုံးရှုံးမှုကို လျော့နည်းသွားစေမှာပါ။ သံသယဖြစ်လောက်စရာတွေကို ဘယ်တော့မှ နှိပ်ကြည့်ဖို့ မကြိုးစားသင့်တဲ့အပြင် အများသုံးဝိုင်ဖိုင် အသုံးပြုတိုင်း ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: NewsRepubilc “How to Stay Protected While Using Public Wi-Fi”
Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top