အမေရိကန်နိုင်ငံမှာ တစ်ရက်တာ COVID-19 အတည်ပြုလူနာ တွေ့ရှိမှု ၁၀၀,၀၀၀ အထိ ဖြစ်လာနိုင်တယ်လို့ ဆို

1-7-2020-yyl-009.jpg

အမေရိကန်နိုင်ငံမှာ တစ်ရက်ကို COVID-19 အတည်ပြုလူနာသစ် ၁၀၀၀၀၀ အထိ ဖြစ်လာရင်လည်း အံ့အားသင့်စရာမရှိဘူးလို့ ကူးစက်ရောဂါသိပ္ပံဌာန ဒါရိုက်တာ ဒေါက်တာအန်သိုနီဖော်စီက ပြောပါတယ်။ အမေရိကန်နိုင်ငံသားတွေက နှာခေါင်းစည်းတပ်ဆင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ဝေးဝေးနေတာကို လုပ်သင့်သလောက် မလုပ်ကြဘူးလို့ သူက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာသစ်အားလုံးထဲမှာ တစ်ဝက်လောက်နီးပါးက ဖလော်ရီဒါ၊ အရီဇိုးနား၊ တက္ကဆက်၊ ကယ်လီဖိုးနီးယား စတဲ့ ပြည်နယ် ၄ ခုမှာ ဖြစ်ပွားနေတာလို့ အန်သိုနီဖော်စီက အထက်လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

” လတ်တလောမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်သေးတာ ထင်ရှားပါတယ်။ အတိအကျ မပြောနိုင်ပေမဲ့ စိတ်မသက်မသာ ဖြစ်ရမှာ သေချာပါတယ်။ နိုင်ငံရဲ့ ဒေသတစ်ခုမှာ ကူးစက်မှုဖြစ်ပွားတဲ့အခါ တခြားဒေသက ကူးစက်မခံရအောင် ကောင်းကောင်းလုပ်ဆောင်ပေမဲ့ အထိနာစမြဲပါပဲ”လို့ အန်သိုနီဖော်စီက ပြောပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံမှာ အတည်ပြုလူနာသစ် ၄၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း တစ်ရက်တာ ကူးစက်ခံရသူသစ် ၄၀၀၀၀ ကျော်ရှိတဲ့ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။ အမေရိကန်အနောက်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ကူးစက်ခံရမှုတွေ မြင့်တက်နေပြီး အနည်းဆုံး ပြည်နယ် ၁၆ ခုကတော့ ပြည်လည်ဖွင့်လှစ်မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းတာ၊ ပြင်ဆင်ပြောင်းလဲတာမျိုး လုပ်ခဲ့ရပါတယ်။

ကယ်လီဖိုးနီးယား၊ ဂျော်ဂျီယာ၊ အိုင်အိုဝါ၊ အိုင်ဒါဟို၊ လူဝီစီယားနား၊ မစ္စစ္စပီ၊ နီဗားဒါး၊ တင်နက်ဆီ၊ အလာဘားမား၊ အာကန်းဆက်၊ အရီဇိုးနား၊ ဖလော်ရီဒါ၊ မြောက်ပိုင်းကာရိုလိုင်းနား၊ တောင်ပိုင်းကာရိုလိုင်းနား၊ တက္ကဆက်၊ ယူတား စတဲ့ ပြည်နယ် ၁၆ ခုကို သွားရောက်ခဲ့သူတွေအနေနဲ့ ၁၄ ရက်ကြာ အသွားအလာကန့်သတ်မှု ခံယူရမယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက ပြောပါတယ်။ အဲဒီအမိန့်အရ အသွားအလာကန့်သတ်မှု ခံယူရမယ့်သူအရေအတွက်က အမေရိကန်နိုင်ငံမှာ နေထိုင်သူရဲ့ တစ်ဝက်နီးပါး(၄၈ ရာခိုင်နှုန်း)ရှိတယ်လို့ USA Today ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top