ဂျပန်နိုင်ငံကိုကျော်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား

japan.jpg

မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံကို ဆွတဲ့အနေနဲ့ အင်္ဂါနေ့ မနက်ပိုင်းမှာ ဂျပန်နိုင်ငံကို ကျော်လွန်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး ဒီလိုပစ်လွှတ်ခဲ့မှုကြောင့် တိုကျိုမြို့ အာဏာပိုင်အစိုးရမှ မြို့နေပြည်သူများကို ဘေးလွတ်ရာသို့ ထွက်ပြေးရန် အသိပေးခဲ့ရပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်ဟာ မိုင်ပေါင်း ၁၇၀၀ ခန့်ပျံသန်းသွားကာ ဂျပန်နိုင်ငံ မြောက်ဘက်စွန်းပိုင်းရှိ ဟိုက္ကိုင်းဒိုးကျွန်းကို ကျော်လွန်ပြီး ပင်လယ်ထဲကို အန္တရာယ်ကင်းစွာ ကျသွားခဲ့တာဖြစ်ပေမဲ့  မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအတွက် လက်မခံနိုင်ဖွယ်ရာ ဖြစ်နေပါတယ်။

ဒုံးကျည်ပစ်လွှတ်လိုက်တဲ့အချိန် နိုင်ငံရဲ့ ရုပ်မြင်သံကြားလိုင်းအားလုံးမှာ မြောက်ကိုရီးယား ဒုံးကျည်ဟာ ဂျပန်နိုင်ငံဘက်ကို ဦးတည်လာနေပြီလို့  အရေးတကြီး ကြေညာခဲ့ကြပြီး ကျည်ဆန်ရထားများ ကိုလည်း ရပ်တန့်ခဲ့ရပါတယ်။

“မြောက်ကိုရီးယားနိုင်ငံရဲ့ ဂျပန်နိုင်ငံအပေါ် အခုလို မဆင်အခြင် ဒုံးကျည်ပစ်လွှတ်မှုဟာ မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ပြီး စိုးရိမ်ဖွယ်ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်ပါတယ်။” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုခဲ့ပြီး သူဟာ အမေရိကန်သမ္မတထရမ့်နဲ့ ဖုန်းဖြင့် စကားပြောခဲ့တယ်လို့ သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။

ယခု ပစ်လွှတ်မှုဟာ ပြီးခဲ့တဲ့အပတ် အရီဇိုးနားပြည်နယ်ရှိ နိုင်ငံရေးဆိုင်ရာ စည်းဝေးပွဲတစ်ခုမှာ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံကို တိုက်ခိုက်လာရင်  အမျက်ဒေါသနဲ့ မီးမိုးလောင်စေရမယ် လို့ပြောဆိုခဲ့တဲ့အမေရိကန် သမ္မတထရမ့်ကို ဗြောင်ကျကျ စိန်ခေါ်မှု တစ်ခုလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကို ဒုံးကျည် ၄ လုံးနဲ့ တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ပြောစကားကို အခုအချိန်ထိ အကောင်အထည်မဖော်သေးပေမဲ့လည်း ယခု အင်္ဂါနေ့ မနက်ပိုင်းမှာ ဂျပန်နိုင်ငံကို ကျော်လွန်ပြီး ဒုံးကျည်ပစ်ခတ်မှုဟာ အမေရိကန်၊ တောင်ကိုရီးယားနဲ့  ဂျပန်တို့ကို စိန်ခေါ်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။

ယခု မနက် ပစ်လွှတ်ခဲ့မှုနဲ့ဆို မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကိုကျော်ပြီး ၃ ကြိမ်တိတိ ဒုံးကျည် ပစ်လွှတ်ဖူးခဲ့ပြီး ပထမတစ်ကြိမ်က ၁၉၉၈ ခုနှစ်မှာ ဖြစ်ကာ ဒုတိယတစ်ကြိမ်က ၂၀၀၉ ခုနှစ် အိုဘားမား အစိုးရလက်ထက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကြိမ်လုံး မြောက်ကိုရီးယားက ဒုံးကျည်များဟာ ဂြိုဟ်တုများကို သယ်ဆောင်တဲ့ ဒုံးကျည်များဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပေမဲ့ ယခုတစ်ကြိမ်မှာတော့ ဘာမှ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ယခုကိစ္စနဲ့ပတ်သတ်ပြီး ဂျပန်နိုင်ငံအနေနဲ့ ပြင်းထန်တဲ့ တိုင်ကြားစာ တစ်စောင်ကို ကုလသမဂ္ဂသို့ ပို့ထားကြောင်းပြောဆိုခဲ့ပြီး အရေးပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပေးရန် တောင်းဆိုထားကြောင်း သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။

ဂျပန် လေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဟီရိုကိုင် မဲ့ဟာရ (Hiroaki Maehara) ကတော့ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ဒုံးကျည်ဟာ ဂျပန်ကို ဦးတည်ပြီး ပစ်လွှတ်ခဲ့တာ မဟုတ်တဲ့အတွက် မပစ်ချခဲ့တာ ဖြစ်ကြောင်း သတင်းထောက်များကိုပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုများဟာ ပြီးခဲ့တဲ့ အပတ်က အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအပြီးမှာ ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့  တောင်ကိုရီးယားတို့ဟာ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်လေ့ရှိကြပြီး မြောက်ကိုရီးယားနိုင်ငံကတော့ ဒီစစ်ရေးလေ့ကျင့်မှုများဟာ မြောက်ကိုရီးယားနိုင်ငံကို  ကျူးကျော်ဝင်ရောက်ဖို့ အစမ်းလေ့ကျင့်နေခြင်းများဖြစ်တယ် လို့ပြောဆိုပြီး လက်နက်များကိုပြန်လည် စမ်းသပ်ပစ်လွှတ်လေ့ရှိပါတယ်။

ဂျပန်အစိုးရဟာ ပြည်သူများအားလုံးကို ဖုန်းများမှ တဆင့် မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်ခဲ့ခြင်းကို အသိပေးခဲ့ပြီး အကာကွယ်ယူကြရန် စာတိုပို့ခဲ့ပါတယ်။ ဂျပန်အစိုးရဟာ ဒေသစံတော်ချိန် မနက် ၅: ၅၈ မိနစ်မှာ ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး မြောက်ကိုရီးယားဒုံးကျည်ဟာ ဒေသစံတော်ချိန် မနက်ပိုင်း ၆:၁၂ မှာ ဟိုက္ကိုင်းဒိုးကျွန်း ကမ်းခြေအလွန် မိုင် ၇၃၀ ခန့်တွင် ကျရောက် ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ အနောက်ဘက်မှာ တရုတ်နိုင်ငံနဲ့ မြောက်ဘက်မှာ ရုရှားနိုင်ငံတို့ ရှိတဲ့အတွက် တောင်အရပ်နဲ့ အရှေ့အရပ်တို့ကိုပဲ ဒုံးကျည် ပစ်လွှတ်စမ်းသပ်လေ့ရှိပါတယ်။

Ref : NY Time News : North Korea Fires Missile Over Japan

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top