ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့

worldenvday2020.jpg

မလေးရှားနိုင်ငံသား လူငယ်တစ်ယောက်က ၂၃ နှစ်ပြည့်မွေးနေ့မှာ ၂၃ ရက်တိုင်တိုင် အမှိုက်ကောက်ပြီး မွေးနေ့အထိမ်းအမှတ်လုပ်တယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အထက်တန်းအဆင့်ပဲဖြစ်ဖြစ်၊ ကောလိပ်အဆင့်ပဲဖြစ်ဖြစ် ကျောင်းဆင်းဘွဲ့လက်မှတ်လိုချင်ရင် အနည်းဆုံးသစ်ပင် ၁၀ ပင်စိုက်ဖို့ ဥပဒေပြဋ္ဌာန်းထားတယ်။ ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် ဆုံးရှုံးခဲ့သူတွေကို အစိုးရက သစ်ပင်ခေါ်စိုက်ခိုင်းပြီး အလုပ်ပေးထားတယ်။ ဒါတွေအားလုံးက သဘာဝပတ်ဝန်းကျင်အတွက် အားတက်စရာသတင်းတွေပါ။

သဘာဝပတ်ဝန်းကျင်ကို အလေးမထားဘူးဆိုရင် လူသားတွေ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးရဲ့ နာတာရှည်ဝေဒနာလည်း သက်သာပျောက်ကင်းမှာမဟုတ်ပါဘူး။ အပူချိန်မြင့်တက်မှု၊ လေထု၊ ရေထုညစ်ညမ်းမှု၊ ရာသီဥတုဖောက်ပြန်မှု စတဲ့ဖြစ်ရပ်တွေက ကမ္ဘာကြီးနာမကျန်းဖြစ်နေတဲ့ လက္ခဏာတွေပါပဲ။ ဒီလက္ခဏာတွေ သက်သာလျော့ပါးအောင် ကာဗွန်ထုတ်လုပ်မှုလျှော့ချတာ၊ သစ်တောပြုန်းတီးမှု လျှော့ချတာ၊ လူတစ်ဦးချင်းစီက စွန့်ပစ်အမှိုက် တတ်နိုင်သမျှ နည်းအောင်ထိန်းသိမ်းတာ၊ ပလတ်စတစ်အသုံးပြုမှု လျှော့ချတာ အစရှိတဲ့ ကိစ္စတွေကို လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း တာဝန်ယူစိတ်ရှိရှိ ဆောင်ရွက်ပေးရမှာပါ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်ရဲ့အနာဂတ်မျိုးဆက်တွေကို ချစ်ကြောင်း သက်သေပြရာရောက်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အဆင်ခြင်မဲ့လုပ်ရပ်တွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းပြီး ကပ်ဘေးတွေ ဆိုက်လာခဲ့မယ်ဆိုရင် အဲဒီဒဏ်ကို နောက်မျိုးဆက်တွေ ခံစားရမှာ အသေအချာပါပဲ။

၁၉၇၄ ခုနှစ် ဇွန်လ ၅ ရက်နေ့ကစပြီး နှစ်စဉ်နှစ်တိုင်း ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့တာ ဒီနေ့ဆိုရင် ၄၆ နှစ်တိုင်တိုင်ရှိပါပြီ။ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့(World Enviroment Day)ရဲ့ ခေါင်းစဉ်ကတော့ ”Biodiversity(ဇီဝမျိုးစုံးမျိုးကွဲ)” ဖြစ်ပါတယ်။ ”တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့”ဆိုတဲ့ ဒီနှစ်ဆောင်ပုဒ်နဲ့အတူ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကို ကာကွယ်၊ ထိန်းသိမ်း၊ အလှဆင်ရအောင်လားဗျာ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top