Bob ဆိုတဲ့ ကြောင်လေးကို စာဖတ်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ သူ့သခင် ဂျိမ်း ဘိုဝမ်က A Street Cat Named Bob စာအုပ်မှာ သူ့အကြောင်းရေးပြီးတဲ့နောက်မှာ အဲဒီကြောင်လေးဟာ ကမ္ဘာ့တစ်ဝှမ်းမှာ နာမည်ကြီးလာခဲ့ပါတယ်။ Bob ကို ချစ်ခင်နှစ်သက်ကြတဲ့သူတွေအတွက် စိတ်မကောင်းစရာသတင်းကတော့ Bob ဟာ အသက် (၁၄) နှစ်မှာ သေဆုံးခဲ့ပြီလို့ သိရပါတယ်။ ဒီစိတ်မကောင်းစရာသတင်းကို Hodder & Stoughton ထုတ်ဝေသူက အတည်ပြုခဲ့တာဖြစ်ပါတယ်။ ” ဂျိမ်းနဲ့ Bob တို့ဟာ ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေ ဆက်လက်ရှာနေရင်းနဲ့ Bob က စာအုပ်ရေးထိုးပွဲတွေမှာ ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရတဲ့၊ ကမ္ဘာပတ်ခွင့်ရခဲ့တဲ့၊ နာမည်ကျော်တဲ့ ဘဝကို လက်လွှတ်ခဲ့ပါပြီ။ လွမ်းပြီးအမှတ်ရဖြစ်နေရမယ့် ကြောင်လေးပါ”ဆိုတဲ့စာသားကို ထုတ်ပြန်ခဲ့ပါတယ်။
ဂျိမ်းကလည်း Bob သေဆုံးတာနဲ့ပတ်သက်ပြီး “Bob က ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တာပါ။ သူက အပေါင်းအဖော်ထက်ကို ပိုပါတယ်။ ကျွန်တော့်ဘေးမှာ သူရှိနေပေးရင် ကျွန်တော် မေ့လျော့နေတဲ့ လမ်းကြောင်းနဲ့ ရည်ရွယ်ချက်တွေကို ရှာတွေ့ခဲ့တာပါ။ ကျွန်တော်တို့ရဲ့စာအုပ်တွေ၊ ရုပ်ရှင်ကားတွေကနေ အတူတူအောင်မြင်မှုရတာက ဆန်းကြယ်ပါတယ်။ သူက လူထောင်ပေါင်းများစွာကို တွေ့ဆုံခဲ့ပြီး လူအသက်ပေါင်းသန်းချီကို စိတ်မကောင်းဖြစ်စေခဲ့ပါပြီ။ သူ့လို ကြောင်မျိုး မရှိခဲ့ဖူးပါဘူး။ ဘယ်တော့မှာလည်း ရှိလာမှာမဟုတ်ပါဘူး။ ကျွန်တော့်ဘဝမှာ အလင်းပျောက်သွားသလို ခံစားရပါတယ်။ ဘယ်တော့မှာ သူ့ကို မေ့မှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။
Bob ဟာ စာအုပ်စီးရီးလိုက်မှာ ပါဝင်ခဲ့တဲ့အပြင် A Street Cat Named Bob ဆိုတဲ့ သူ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာလည်း သူကိုယ်တိုင် ပါဝင်ခဲ့တာပါ။ သူ့သခင် ဂျိမ်း ဘိုဝမ် က ဆေးစွဲနေချိန် ၂၀၀၇ခုနှစ်မှာ Bob ကို တွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Bobဟာ စွန့်ပစ်ခံထားရပြီး ထိခိုက်ဒဏ်ရာရနေတဲ့အတွက် သူ့ကို ဂျိမ်း ဘိုဝမ်က စောင့်ရှောက်ပေးခဲ့တာပါ။ ဂျိမ်းက လန်ဒန်လမ်းမထက်မှာ The Big Issue မဂ္ဂဇင်းတွေ ရောင်းတဲ့အချိန်မှာ Bob ကို ဂျိမ်းရဲ့ပခုံးပေါ်မှာ အမြဲလိုလိုတွေ့ရတာတတ်တဲ့အပြင် သူ့ဘေးမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ Bob က လည်စည်းပုဝါလေးလည်း ဝတ်ဆင်ထားတတ်ပါတယ်။
ဂျိမ်းက Bob နဲ့အတူ The Big Issue မဂ္ဂဇင်းတွေ ရောင်းရင်းနဲ့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်အကြောင်းကို A Street Cat Named Bob အမည်ရတဲ့စာအုပ်အနေနဲ့ ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်က အောင်မြင်သွားခဲ့ပြီး ၂၀၁၆ခုနှစ်မှာ ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ကာ Bob ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ A Street Cat Named Bob စာအုပ်ရဲ့နောက်ဆက်တွဲတွေကိုလည်း ဂျိမ်းက ဆက်လက်ရေးသားခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းမှာ သန်းချီရောင်းချနိုင်ခဲ့တာပါ။ A Street Cat Named Bob ရဲ့ နောက်ဆက်တွဲဇာတ်ကား A Gift from Bob ကိုတော့ အခုနှစ်ကုန်မှာ ရုံတင်ပြသဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။
Ref: The Street Cat Named Bob Has Died Aged 14
WL (ရိုးရာလေး)