ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာသွားစေနိုင်တဲ့ အိပ်စက်ခြင်းအနေအထား

25-1-2021-yyl-32.jpg

ဓမ္မတာလာတဲ့အချိန် အဆိုးရွားဆုံးအရာကတော့ နာကျင်ကိုက်ခဲတာပါပဲ။ ခန္ဓာကိုယ်မှာ ဟော်မုန်းမတည်မငြိမ်ဖြစ်တာကြောင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာက ပိုပြီးဆိုးရွားလာစေတာပါ။ နာကျင်မှုကို သက်သာသွားစေဖို့အတွက် ရေနွေးအိတ်ကပ်တာ (ဒါမှမဟုတ်) ချင်းပြုတ်ရည်သောက်တာတို့ လုပ်လေ့ရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ ဓမ္မတာလာစဉ် နာကျင်မှုတွေသက်သာပြီး ကောင်းကောင်းအိပ်စက်နိုင်မယ့် နည်းလမ်းကို ပြောပြပေးသွားပါမယ်။ အိပ်စက်တာက သင့်စိတ်နဲ့ခန္ဓာကိုယ်ကို အနားယူစေနိုင်မယ့် အကောင်းဆုံးနည်းဖြစ်ပါတယ်။ အိပ်စက်တဲ့အနေအထားကလည်း ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ခြင်းအနေအထား (၃) မျိုးကို မျှဝေပေးပါမယ်။

သန္ဓေသားပုံစံအနေအထား

သန္ဓေသားပုံစံကွေးကွေးလေးအိပ်စက်မယ်ဆိုရင် ဝမ်းဗိုက်တစ်ဝိုက်ကြွက်သားတွေကို ပြေလျော့စေပြီး ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာသွားအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ ဒီအိပ်စက်ခြင်းအနေအထားက ဓမ္မတာလာတာများရင်တောင် ယိုစိမ့်နိုင်ချေနည်းစေမှာဖြစ်ပါတယ်။

ဒူးအောက်မှာ ခေါင်းအုံးထားပြီး အိပ်စက်ခြင်း

အရမ်းမမြင့်တဲ့ လုံးဝိုင်းတဲ့ခေါင်းအုံးတစ်လုံးကို ယူပါ။ ပက်လက်လန်လိုက်ပြီး ဒီခေါင်းအုံးကို ခြေထောက်အောက်မှာထားလိုက်ပါ။ သွေးလည်ပတ်မှုမှာ သက်ရောက်မှုရှိနိုင်တဲ့အတွက် သင့်ခြေထောက်တွေကို ဆန့်ထားပြီး အရမ်းမြှောက်မထားပါနဲ့။ လုံးဝိုင်းတဲ့ခေါင်းအုံးမရှိဘူးဆိုရင် အခြားအဝတ်အထည်တွေကို လိပ်ပြီး ဒူးအောက်မှာ ထားလိုက်ပါ။ ဒီနည်းက ကြွက်သားတွေကို ပြေလျော့စေပြီး ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

ကလေးပုံစံအနေအထား

ကလေးပုံစံအနေအထားဆိုတာ ယောဂကျင့်တဲ့ပုံစံမျိုးပါ။ ဒီလိုပုံစံမျိုးအိပ်စက်တဲ့သူကတော့ နည်းပါတယ်။ ဒီအိပ်စက်ခြင်းအနေအထားက ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာနဲ့အတူ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ မကြာခဏခေါင်းကိုက်တာကိုလည်း သက်သာသွားအောင် ကူညီပေးနိုင်ပါသေးတယ်။ ကောင်းကောင်းအိပ်စက်နိုင်အောင်လည်း ကူညီနိုင်စွမ်းရှိပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အိပ်စက်ခြင်းအနေအထားတွေအတိုင်း အိပ်စက်တာအပြင် ရေနွေးအိတ်ကပ်ပေးတာ၊ ရေနွေးပူပူလေးသောက်ပေးတာက ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပြီး နေလို့ထိုင်လို့ကောင်းသွားစေမှာဖြစ်ပါတယ်။

Ref: Menstrual cramps: The three best sleeping positions to get relief
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top