ငယ်သူငယ်ချင်းကြောင့် ကံဆိုးမိုးမှောင်ကျနေတဲ့ အမှိုက်သိမ်းသမားရဲ့ဘဝ ပြောင်းလဲခဲ့ရ

25-1-2021-yyl-21.jpg

မကြာသေးခင်ကမှ ရှရှားနိုင်ငံက ရူရီ ဗက်လုဂင် (Yury Vetlugin) ဆိုတဲ့ အမှိုက်သိမ်းသမားတစ်ယောက်ဟာ လူသိများသွားခဲ့ကာ အကြွေးပါ ဆပ်နိုင်သွားခဲ့ပါပြီ။ အခုလို အကြွေးတွေဆပ်နိုင်ခဲ့တာက သူ့ရဲ့ငယ်သူငယ်ချင်းနဲ့ လူမှုကွန်ယက်အသုံးပြုတွေရဲ့ကျေးဇူးကြောင့်လို့ ပြောရမှာပါပဲ။ လူမှုကွန်ယက်ဆိုတာက မသုံးတတ်ရင်တော့ ဘေးဖြစ်နိုင်ပေမဲ့ သုံးတတ်ရင်တော့ အခက်အခဲဖြစ်နေတဲ့ဘဝကိုတောင် ပြောင်းလဲပေးနိုင်ပါတယ်။

ရူရီရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ ဖက်ရှင်ဓာတ်ပုံဆရာ ရိုမန် ဖီလစ်ပိုဗ် (Roman Filippov) ဟာ ရူရီကို GQ-esque မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး ပုံတွေကို အွန်လိုင်းပေါ်တင်ပေးခဲ့တာပါ။ အွန်လိုင်းပေါ်တင်ပေးခဲ့ပြီးတဲ့နောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေကြား ပျံ့နှံ့သွားခဲ့ပြီး ရူရီကို သတိထားမိသွားခဲ့ပါတယ်။ ရိုမန်ကြောင့် ရူရီရဲ့သနားစရာကောင်းတဲ့ဘဝအကြောင်းကို လူမှုကွန်ယက်အသုံးပြုသူတွေသိသွားခဲ့ပြီး လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေဆီက ရတဲ့ပိုက်ဆံနဲ့ပဲ ရူရီက အကြွေးတွေ ဆပ်နိုင်ခဲ့တာပါ။

ရူရီအကြောင်းပြောရမယ်ဆိုရင် ရူရီဟာ ရှရှားနိုင်ငံ၊ အူဖာမြို့က အသက် ၄၂ နှစ်အရွယ် အမှိုက်သိမ်းသမားတစ်ယောက်ပါ။ သူက အခြားသူတွေလိုပဲ သာမန်လူတစ်ယောက်ဖြစ်ပေမဲ့ သာမန်ဘဝမျိုးနဲ့နေထိုင်ရတာမဟုတ်ခဲ့ပါဘူး။ သူ့ငယ်သူငယ်ချင်း ရိုမန်ရဲ့ပြောစကားအရတော့ ရူရီမွေးကင်းစကတည်းက မိဘမဲ့ဂေဟာရှေ့မှာ စွန့်ပစ်ခံခဲ့ရတာပါ။ အဲဒီမှာပဲ ကြီးပြင်းလာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနောက်ကျတဲ့ရောဂါကို ခံစားခဲ့ရပါတယ်။ ရိုမန်က ရူရီကို သူ့အမေအလုပ်လုပ်တဲ့ မသန်စွမ်းကလေးတွေအတွက် Summer Camp မှာ ငယ်ငယ်ကတွေ့ခဲ့တာပါ။ ရူရီက အခြားသူတွေနဲ့မတူဘဲ အတော်လေးကွာခြားပေမဲ့ အရမ်းကြင်နာတတ်ပြီး အလုပ်ကြိုးစားပါတယ်။

ရူရီကို ရိုမန်ရဲ့အမေနဲ့အဘွားက နှစ်တော်တော်ကြာ စောင့်ရှောက်ပေးနေခဲ့တာပါ။ သူတို့ရဲ့အိမ်မှာ ခေါ်ထားပြီး ပြည်နယ်ထောက်ခံချက်ရထားတဲ့အလုပ်ရအောင်လည်း ကူညီပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ရဲ့သူငယ်ချင်းတွေလို ယုံကြည်ထားခဲ့တဲ့ လူတွေဟာ ရူရီအပေါ်အခွင့်ကောင်းယူခဲ့ကြပါတယ်။ အကြွေးတွေတင်ခဲ့တာက သူ့ကြောင့်မဟုတ်ဘဲ အဲဒီသူငယ်ချင်းတွေကြောင့်ပါ။ အဲဒီလူတွေက ရူရီကိုလှည့်စားကာ သူ့နာမည်နဲ့ ဒေါ်လာ၉၃၃၀ ချေးငွေယူပြီး အိမ်တစ်လုံးဝယ်ခဲ့ကြပါတယ်။ ရူရီက ချေးငွေကို ပြန်မဆပ်နိုင်တာကြောင့် လစာအပါအဝင် အရာအားလုံးဆုံးရှုံးခဲ့ရပါတယ်။

အဖွဲ့တစ်ဖွဲ့ကလည်း ရူရီကို ခေါ်သွားခဲ့ပြီး ကျွန်အဖြစ်ထားခဲ့ကြပါတယ်။ အဖိုးအခမရဘဲ အိမ်စေအဖြစ် ရူရီအလုပ်လုပ်ခဲ့ရပြီး အစားလည်းကောင်းကောင်းမစားခဲ့ရတာကြောင့် ကိုယ်အလေးချိန် ၃၃ ပေါင်ကျသွားခဲ့ရပါတယ်။ သူ့ကို ရိုက်နှိက်ခဲ့ကြတဲ့အပြင် ပုဆိန်နဲ့တောင် အသတ်ခံရလုနီးပါးဖြစ်ခဲ့တာပါ။ အဲဒါကြောင့် အဲဒီအဖွဲ့ရဲ့လက်ထဲကနေ ထွက်ပြေးခဲ့ပါတယ်။ အူဖာမြို့နဲ့ ၃၀ ကီလိုမီတာဝေးတဲ့နေရာကနေ ထွက်ပြေးလာနိုင်ခဲ့ပြီး ရိုမန်ရဲ့မိသားစုက သူ့ကို နောက်တစ်ကြိမ် စောင့်ရှောက်ပေးခဲ့ပြန်ပါတယ်။

ရိုမန်ရဲ့မိသားစုဆီ ရူရီပြန်ရောက်လာခဲ့ပြီးတဲ့နောက်မှာ ရိုမန်က ရူရီရဲ့တစ်နေ့တာဘဝနဲ့ပတ်သက်ပြီး ဓာတ်ပုံတွေရိုက်ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ ရိုမန်က ရူရီအတွက် ရန်ပုံငွေရှာနိုင်မယ့်စိတ်ကူးကို ရခဲ့ပါတယ်။ GQ ဓာတ်ပုံရိုက်ကူးမှုက လူမှုကွန်ယက်ကြား ပျံ့နှံ့သွားပြီးတဲ့နောက်မှာ လှူဒါန်းမှုတွေ ရလာခဲ့ပါတော့တယ်။ နောက်ဆုံးတော့ ရူရီက သူ့ရဲ့အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ ငွေအလုံအလောက်ရသွားခဲ့ပါတယ်။ အူဖာမြို့တော်ဝန်ကလည်း ရူရီအကြောင်းသိသွားခဲ့ပြီး သူနဲ့တွေ့ဆုံဖို့တောင် စီစဉ်ခဲ့ပါတယ်။ ငယ်သူငယ်ချင်း ရူရီအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ဖို့ ရိုမန်မျှော်လင့်နေပါတယ်။

Ref: Boredpanda “‘This Yard Keeper’s Life Turns Upside Down After This Photographer Does A Shoot With Him'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top