သတင်းတု တိုက်ဖျက်ရေး ဥပဒေကို မလေးရှား အတည်ပြု  

malaysia-fake-news-e1551585812733.jpg

ပြစ်မှုကျူးလွန်သူတွေကို ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်နိုင်တဲ့ သတင်းတု တိုက်ဖျက်ရေး ဥပဒေတစ်ရပ်ကို မလေးရှားလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပြီ ဖြစ်ပါတယ်။

အခုပြဋ္ဌာန်းခဲ့တဲ့ (Anti-Fake News 2018) သတင်းတုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်သူကို ဒဏ်ငွေအဖြစ် မလေးရှား ရန်းဂစ် ၅၀၀၀၀၀(အမေရိကန်ဒေါ်လာ ၁၂၃၀၀၀)နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်နိုင်မှာပါ။ မူလ အဆိုပြုတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းမှာ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ဖို့ ဖော်ပြထားခဲ့တာပါ။

အထွေထွေရွေးကောက်ပွဲမတိုင်ခင် အစိုးရ အပေါ် သဘောထားကွဲလွဲမှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ဖို့ ရည်ရွယ်ပြီး အခုလို ဥပဒေပြဋ္ဌာန်းလိုက်တာလို့ ဝေဖန်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်မှာ မဟုတ်သလို ဒီဥပဒေနဲ့ငြိစွန်းတဲ့ ဖြစ်ရပ်တွေကိုလည်း အမှီအခိုကင်းတဲ့ တရားစီရင်ရေး ပြုလုပ်သွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။
“ဒီဥပဒေက အများပြည်သူတွေထံ သတင်းတုတွေ မပျံ့နှံ့အောင် ကာကွယ်ပေးဖို့ပါ။ အခြေခံဥပဒေမှာပါတဲ့အတိုင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ပြုသွားမှာပါ”လို့ ဥပဒေရေးရာ ဝန်ကြီး အိုသမန်ဆတ်ဒ် (Othman Said)က လွှတ်တော်မှာ ပြောခဲ့ပါတယ်။

အဲဒီဥပဒေအရ “အလုံးစုံ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း မှားယွင်းနေတဲ့ သတင်း၊ အချက်အလက်၊ မှတ်တမ်းနဲ့ အစီရင်ခံစာတွေကို သတင်းတု”လို့ သတ်မှတ်ထားပြီး ဆောင်းပါးတွေ၊ အသံမှတ်တမ်း၊ ရုပ်သံမှတ်တမ်းတွေလည်း အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒစ်ဂျစ်တယ်သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်ပေါ်က ရေးသားဖော်ပြချက်တွေပါ အကျုံးဝင်မှာဖြစ်ပြီး မလေးရှားနိုင်ငံ ဒါမှမဟုတ် မလေးရှားနိုင်ငံသားတစ်ဦးဦးကို ထိခိုက်စေရင် မလေးရှားနိုင်ငံအတွင်း ဒါမှမဟုတ် နိုင်ငံပြင်ပကနေ သတင်းမှားဖြန့်တဲ့သူတွေ အားလုံးကို (နိုင်ငံခြားသားများလည်း ပါဝင်) အရေးယူမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တဲ့ သတင်းတု (fake news) ဆိုတဲ့ အသုံးအနှုန်းဟာ အာဏာရှင်ဆန်ဆန် နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေက သူတို့ကို ဝေဖန်တဲ့မီဒီယာတွေ၊ အဖွဲ့အစည်းတွေကို တုံ့ပြန်တဲ့ လက်သုံးစကား ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့ အစောပိုင်းမှာ လွတ်လပ်စွာ စဉ်းစားတွေးခေါ် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေးဗစ်ကာယီက Anti-Fake News 2018 ဥပဒေကို လွှတ်တော်မှာ ခပ်မြန်မြန် အတည်မပြုဖို့ မလေးရှားအစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။

စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာရှိတဲ့ တခြားနိုင်ငံတွေက သတင်းတု တိုက်ဖျက်ရေးနည်းလမ်းတွေကို စဉ်းစားနေကြပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ သတင်းတု တိုက်ဖျက်ဖို့ ဥပဒေထုတ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ခြယ်မှာ စိုးရိမ်နေကြပါတယ်။

မလေးရှားနိုင်ငံဟာ သတင်းတုတိုက်ဖျက်ဖို့ ဥပဒေထုတ်တဲ့ လက်တစ်ဆုပ်စာနိုင်ငံတွေထဲက နိုင်ငံတစ်ခုဖြစ်သွားပါပြီ။ မနှစ်တုန်းကတော့ ဂျာမနီနိုင်ငံက အမုန်းတရားပွားစေမယ့် အကြောင်းအရာတွေ အချိန်မီ မဖယ်ရှားနိုင်ရင် လူမှုကွန်ရက် ကုမ္ပဏီတွေကို ဒဏ်ငွေချမှတ်မယ့် အစီအစဉ်အတွက် အတည်ပြုခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ သဘောမတွေ့စရာ သတင်းနဲ့ လူမှုကွန်ရက်ပေါ်က ရေးသားဖော်ပြချက်တွေကို နှိပ်ကွပ်ဖို့ အသုံးပြုနေတဲ့ ကိုလိုနီခေတ် အစိုးရဆန့်ကျင်ရေးအက်ဥပဒေ အပါအဝင် နှိပ်ကွပ်လို့ရတဲ့ဥပဒေတွေ အများကြီးရှိနေပါတယ်။

Ref: Reuters.com

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top