၂၅ ပေကျော် မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး စက်ဘီး

20.6.2024-yyl-4.jpg

စက်ဘီးစီးရတာကို ဝါသနာထုံတဲ့ ပြင်သစ်နိုင်ငံသားနှစ်ဦးဟာ စီးလို့ရတဲ့ ကမ္ဘာ့အမြင့်ဆုံး စက်ဘီးတစ်စီးကို ဖန်တီးခဲ့ကြပါတယ်။ ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ အဲဒီစက်ဘီးက ၂၅ ပေ ၅ လက်မ မြင့်ပါတယ်။

နီကိုလက်စ်ဘာရီယို့ဇ်နဲ့ ဒေးဗစ်ပေရူးတို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဘားမှာ အရက်သောက်နေရင်း ကမ္ဘာ့အမြင့်ဆုံး စက်ဘီး ဖန်တီးဖို့ အကြံရခဲ့တာပါ။ အလွိုင်း၊ သံမဏိ၊ သစ်သားတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ဒီစက်ဘီးကို စီးလို့ရအောင် လုပ်ဖို့ နှစ်နဲ့ချီ အချိန်ယူခဲ့ရတာပါ။ ၂၅ ပေ မြင့်တဲ့ စက်ဘီးကို စီးရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟန်ချက်ထိန်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရတာပါ။

စက်ဘီး ခြေနင်းနဲ့ ဘီးတွေကို ချိတ်ဆက်နိုင်ဖို့ ၅၃ ပေ ရှည်လျားတဲ့ ချိန်းကြိုးကို အသုံးပြုထားတာပါ။ စက်ဘီးက အလွန်မြင့်ပြီး ဟန်ချက်ထိန်းနိုင်ဖို့အတွက် ခပ်မြန်မြန် နင်းလို့တော့ မရပါဘူး။ တစ်နာရီ ၉ မိုင်ကနေ ၁၂ မိုင်ကြားပဲ မောင်းလို့ရပါတယ်။ စက်ဘီးထိုင်ခုံနဲ့ ဘီးလုံးကြား ကိုယ်ထည်ကိုတော့ စွန့်ပစ်ပရိဘောဂတွေကနေ ရရှိတဲ့ သစ်သားတွေကို ပြန်လည်အသုံးပြုထားတာပါ။

” ဂေဟစနစ် ရှုထောင့်ကကြည့်ရင် သစ်သားက စိတ်ဝင်စားစရာပစ္စည်းပါ။ ကျွန်တော့်စိတ်ကူးအရတော့ တွင်းထွက်ပစ္စည်းတွေ ရှားပါးလာနိုင်လို့ လာမယ့်ဆယ်စုနှစ်တွေမှာ စက်ဘီးကိုယ်ထည်ကို သစ်သားတွေနဲ့ ထုတ်လုပ်လာနိုင်ဖွယ် ရှိပါတယ်” လို့ ဘာရီယို့ဇ်က ဆိုပါတယ်။

ပြင်သစ်နိုင်ငံ ကလဲမွန့်ဖာရန်းမြို့မှာ နှစ်စဉ်ကျင်းပနေကြ စက်ဘီးပွဲတော်မှာ ဒီစက်ဘီးကို စီးနင်းပြခဲ့တာပါ။ ဒေးဗစ်ပေရူးက ဟန်ချက်ထိန်းနိုင်အောင် ဆောက်ထားတဲ့ ငြမ်းစင်တွေကို ကိုင်ရင်း စက်ဘီး စစီးခဲ့ပြီး မီတာ ၁၀၀ ကိုတော့ အလွတ်စီးပြသွားခဲ့တာပါ။ စီးလို့ ရတဲ့ စက်ဘီးအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ဖို့အတွက် မီတာ ၁၀၀ ကို အလွတ်စီးပြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးအတွက် ဆိုင်းကြိုးတွေ ဝတ်ဆင်ထားခဲ့တာ တွေ့ရပါတယ်။

Ref: The World’s Tallest Rideable Bicycle Is Over 25 Feet Tall

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top