ငါးညှီနံ့ထွက်တဲ့ ရှားပါးရောဂါနဲ့ အမျိုးသမီး

8-6-2022-yyl22.jpg

မန်ချက်စတာမြို့က အမျိုးသမီးတစ်ဦးဟာ ငါးညှီနံ့ အဆက်မ​​​ပြတ်ရစေတဲ့ ရှားပါးရောဂါ Trimethylaminuria (TMAU) ကို ကြုံတွေ့ခံစားနေရတာပါ။ TMAU ရောဂါခံစားနေရတဲ့သူတွေက ငါးပုပ်၊ ကြက်သွန်၊ မစင်လို ပြင်းထန်တဲ့ခန္ဓာကိုယ်အနံဆိုးတွေ ထွက်တတ်ပါတယ်။

ဒီအမျိုးသမီးက အသက် ၄၁ နှစ်အရွယ် ကယ်လီ ဖီဒိုး ဝိုက် ဆိုသူပါ။ ကယ်လီက သူ့ရဲ့အနံ့အသက်ဆိုးတွေကို ဖုံးကွယ်ဖို့အတွက် တစ်နေ့ကို ရေ ၄ ကြိမ်ချိုးလေ့ရှိပါတယ်။ သူဟာ သူ့ဘဝတစ်ခုလုံး TMAU ရောဂါနဲ့ နေခဲ့ရတာပါ။သူ့အသက် ၆ နှစ်အရွယ်မှာ ရောဂါလက္ခဏာ​ကို ပထမဆုံးခံစားခဲ့ရပါတယ်။ ဆီးသွားတဲ့အချိန် သူ့ရဲ့ဆီးက ငါးညှီနံ့ထွက်တာကို သတိပြုမိခဲ့တာပါ။ အပျိုဖော်ဝင်တဲ့အချိန်ရောက်တော့ သိသိသာသာ ခန္ဓာကိုယ်အနံ့ဆိုးရှိတယ်ဆိုတာကို သတိထားမိခဲ့တယ်။

အနံ့ကို လျော့ပါးသွားဖို့ ကြိုးပမ်းတဲ့အနေနဲ့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ရေချိုးခဲ့ပါတယ်။ ဒါပေမဲ့ ရေခဏခဏချိုးတာက သူ့ရဲ့ကိုယ်သင်းရနံ့ကို ပိုဆိုးရွားသွားစေခဲ့ပါတယ်။ ဆေးမှတ်တမ်းတွေအရ ကယ်လီဖီဒိုးဝိုက်လို ရောဂါမျိုး ခံစားရသူ ၁၀၀ ပဲ ရှိဖူးတယ်လို့ ဖော်ပြထားပါတယ်။ လူတွေက သူ့ရဲ့ရှားပါးရောဂါကို ကျိန်စာလို့ ခေါ်ခဲ့ကြတယ်။

ကယ်လီက သူ့ရဲ့လက္ခဏာတွေကို ဖြေရှင်းဖို့အတွက် တစ်နေ့ကို ၂ ကြိမ် အဝတ်အစားလဲတာ၊ အနံဆိုးဖုံးဖို့အတွက် အနံ့အသက်ပျောက်ဆေးဗူးတွေ သုံးတာအပါအဝင် နည်းလမ်းတွေကို ရှာဖို့ ​နှစ်တော်တော်ကြိုးစားနေခဲ့တာပါ။သူ့ရဲ့အနံ့အသက်ကို အခြားသူတွေ သတိထားမိမှာကို ကြောက်ရွံ့တာက သူ့ကို အိမ်အပြင်မထွက်ရဲဖြစ်စေခဲ့တဲ့အပြင် ညဆိုင်းအလုပ်တွေကိုလည်း ပြောင်းရွှေ့လုပ်ကိုင်စေခဲ့ပါတယ်။ စိတ်ကျရောဂါကိုလည်း ခံစားခဲ့ရပါတယ်။

ကယ်လီရဲ့အနံ့အသက်ဆိုးက တစ်ကိုယ်ရေသန့်ရှင်းမှု ဘယ်လောက်လုပ်လုပ် ပျောက်မသွားပါဘူး။ နောက်တော့ သူက ရောဂါလက္ခဏာတွေ သက်သာသွားစေမယ့် နည်းလမ်းတွေကို ရှာတွေ့သွားခဲ့ပါတယ်။ ကိုလင်း (Choline) ပမာဏလျှော့ချခဲ့ပါတယ်။ ကိုလင်းပမာဏမြင့်မားတဲ့ အသည်း၊ ကျောက်ကပ်၊ ပဲ၊ မြေပဲလို အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေ ရှောင်တာလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုလင်းပမာဏမလုံလောက်တာက အာရုံကြောဆိုင်ရာရောဂါအခြေအနေတွေဖြစ်လာနိုင်ချေများစေပါတယ်။

အနံ့သက်​ပျောက်ဖို့အတွက် ရေခဏခဏချိုးတာ၊ ဆပ်ပြာရည်တွေအများပြီးသုံးတာ၊ ရေမွှေးတွေ အများကြီးသုံးတာတွေကလည်း အနံ့သက်ကို ပိုဆိုးရွားစေပါတယ်။ TMAU ရောဂါအတွက် ကုသနည်းမရှိပေမဲ့ အစာရှောင်တာနဲ့ အာဟာရဓာတ်ပမာဏ လုံလုံလောက်လောက်ဖြည့်တင်းပေးတာက ရောဂါလက္ခဏာတွေကို လျော့ပါးသွားစေနိုင်ပါတယ်။

ကယ်လီက သူကြုံတွေ့ခဲ့ရတဲ့အနိုင်ကျင့်မှုတွေအတွက် ဆယ်စုနှစ်များစွာကြာ ကုထုံးခံယူ​ခဲ့ရပါတယ်။ အခြားသူတွေက အနံ့သက်ဆိုးဟာ သူ့ရဲ့ကိုယ်အလေးချိန်ကြောင့်ဖြစ်တယ်လို့ ပြောပြီး Bodyshaming လည်း လုပ်ခဲ့ကြပါတယ်။ ဒီရောဂါလက္ခဏာက ကိုယ်အလေးချိန်ကြောင့်လည်း မဟုတ်ပါဘူး။ ကိုယ်အလေးချိန်ကျသွားရင် အနံ့သက်က အဆိုးဆုံးဖြစ်တယ်လို့ ကယ်လီက ပြောပါတယ်။ လက်ရှိမှာတော့ သူ့မှာ ရောဂါလက္ခဏာမပြဘူးလို့ ကယ်လီ ယုံကြည်ထားပါတယ်။

Ref: TheWoman, 41, with one of the world’s rarest conditions reveals she ‘constantly smells like fish’

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top