ထိုင်းနိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး၊ ရောင်းချခွင့် ပြုလိုက်ပြီ

8-6-2022-yyl23.jpg

တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးစာရင်းထဲကနေ ဆေးခြောက်ကို ဖယ်ရှားပေးလိုက်ပြီဖြစ်လို့ ထိုင်းနိုင်ငံမှာ နေထိုင်သူတွေဟာ အိမ်မှာ ဆေးခြောက်စိုက်ပျိုး ရောင်းချခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဥပဒေ တင်းကျပ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက ဆေးခြောက်ကို တရားဝင် စိုက်ပျိုး၊ ရောင်းချခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်အပန်းဖြေဖို့ ဆေးခြောက်သုံးစွဲတာကိုတော့ တားမြစ်ပိတ်ပင်ထားဆဲပါပဲ။

ပြည်တွင်းမှာ ဆေးခြောက်ရောင်းဝယ်ဖောက်ကားခွင့်ပြုလိုက်တာကြောင့် စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း အားကောင်းလာလိမ့်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။ ဆေးခြောက် စိုက်ပျိုး၊ ရောင်းချဖို့ အားပေးအားမြှောက်ပြုတဲ့အနေနဲ့ ထိုင်အစိုးရက ပြည်သူတွေကို ဆေးခြောက်မျိုးစေ့ ၁ သန်းလည်း ပေးအပ်ခဲ့ပါတယ်။

” ဒါဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက် ဆေးခြောက်နဲ့ ဆေးခြောက်လျှော်ပင် (hemp) ကနေ ဝင်ငွေရှာဖို့ အခွင့်အလမ်းတစ်ရပ်ပါပဲ”လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီး အနူတင်ချန်းဝီရာကူလ်က သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

ချန်းဝီရာကူလ်က ဆေးခြောက်နဲ့ချက်ထားတဲ့ ကြက်သားဟင်းပွဲပုံကို ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့ပြီး စည်းမျဉ်းလိုက်နာမယ်ဆိုရင် ဆေးခြောက်နဲ့ချက်တဲ့ ဟင်းပွဲတွေ ရောင်းချခွင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဆေးခြောက် စိုက်ပျိုး၊ ထုတ်လုပ်ရာမှာ ယစ်မူးစေတတ်တဲ့ tetrahydrocannabinol (THC) ပါဝင်မှု ဝ.၂ ရာခိုင်နှုန်းအောက်ပဲ ရှိရမယ်လို့ ထိုင်းအစိုးရက သတ်မှတ်ထားပါတယ်။ tetrahydrocannabinol (THC) ပါဝင်မှု ဝ.၂ ရာခိုင်နှုန်းအထက်ရှိတဲ့ ဆေးခြောက်တွေ ရောင်းဝယ်၊ ဖြန့်ဖြူးရင်တော့ ဖမ်းဆီးခံရမှာဖြစ်ပါတယ်။

ဇွန်လ ၉ ရက်ကစပြီး ထိုင်းပြည်သူတွေဟာ အာဏာပိုင်တွေထံမှာ မှတ်ပုံတင်ပြီး တစ်အိမ်ကို ဆေးခြောက် ၆ ပင်အထိ စိုက်ပျိုးခွင့် ရရှိမှာဖြစ်သလို ကုမ္ပဏီတွေကလည်း ခွင့်ပြုချက်ရယူပြီး ဆေးခြောက်စိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။

စားသောက်ဆိုင်တွေမှာလည်း ဆေးခြောက်နဲ့ချက်ထားတဲ့ ဟင်းလျာတွေ၊ ဆေးခြောက်ပါဝင်တဲ့ အဖျော်ယမကာတွေကို မှာယူသောက်သုံးခွင့် ရရှိပါပြီ။ ထိုင်းနိုင်ငံတစ်ဝန်းက ဆေးရုံတွေမှာလည်း ဆေးခြောက်ကို ကုသနည်းတစ်ရပ်အဖြစ် လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရရှိပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အာရှတိုက်မှာ ပထမဆုံးနိုင်ငံအဖြစ် ၂၀၁၈ ခုနှစ်မှာ ဆေးဝါးအတွက် ဆေးခြောက်အသုံးပြုမှုကို တရားဝင်ခွင့်ပြုပေးခဲ့တာပါ။

ဒါပေမဲ့ တစ်ကိုယ်ရေစိတ်အပန်းဖြေဖို့အတွက် ဆေးခြောက်အသုံးပြုတာကိုတော့ တရားမဝင်ဘူးလို့ သတ်မှတ်ထားဆဲပါ။ ဒါ့အပြင် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူမြင်ကွင်းမှာ ဆေးခြောက်ရှူတာမျိုး မလုပ်ဖို့ ထိုင်းအရာရှိတွေက သတိပေးထားပြီး အဲဒီလိုလုပ်ရင် ဖမ်းခံရမယ်လို့ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ အစီအစဉ်အရ ဆေးခြောက်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား ၄၀၀၀ ကိုလည်း ပြန်လွှတ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ထိုင်းလွှတ်တော်မှာလည်း ဆေးခြောက်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေ ထုတ်ပြန်ဖို့ ဆွေးနွေးနေပါပြီ။ လာမယ့်နှစ်တွေမှာတော့ ထိုင်းအစိုးရအနေနဲ့ ဆေးခြောက်ထိန်းချုပ်ရေး စည်းမျဉ်းတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားဖို့ ရှိတယ်လို့ ဆေးခြောက်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

Ref: BBC “Thailand legalises cannabis trade but still bans recreational use”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top