အရင်နှစ်ထက် ဒီနှစ် ပိုခက်ခဲကြမ်းတမ်းလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ သတိပေး

2-1-2023-yyl-30.jpg

၂၀၂၃ ခုနှစ်ဟာ အရင်နှစ်ထက် ပိုခက်ခဲကြမ်းတမ်းလိမ့်မယ်လို့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲ ဂျော်ဂျီဗာက သတိပေးခဲ့ပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးလာပြီး ဒီနှစ်ထဲမှာ ကမ္ဘာ့စီးပွားရေးရဲ့ ၃ ပုံ၊ ၁ ပုံလောက် ဆုတ်ယုတ်ကျဆင်းသွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲ၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ အတိုးနှုန်းမြင့်တက်မှု၊ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ တစ်ကျော့ပြန် ကူးစက်မှုကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုတွေ ကြုံနေရချိန်မှာ ဂျော်ဂျီဗာက အခုလို ပြောခဲ့တာပါ။ ” နိုင်ငံတွေရဲ့ စီးပွားရေး မဆုတ်ယုတ်ဘူးဆိုရင်တောင် လူသန်းရာချီ စီးပွားရေး ဆုတ်ယုတ်ကျဆင်းပါလိမ့်မယ်” လို့ ဂျော်ဂျီဗာက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းလို့ တရုတ်အပါအဝင် ထိုင်း၊ ဗီယက်နမ်တို့လို အာရှနိုင်ငံတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအတွက် ဝယ်လိုအား ကျဆင်းလာတယ်။ အတိုးနှုန်း မြင့်မားလို့ ငွေချေးဖို့ တွန့်ဆုတ်လာပြီး ကုမ္ပဏီတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မတိုးချဲ့တော့ဘူး။ တိုးတက်မှုမရှိလို့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ငွေတွေကို ပြန်ထုတ်သွားတဲ့အခါ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေဟာ အစားအစာ၊ စွမ်းအင် အစရှိတဲ့ အဓိကသွင်းကုန်ပစ္စည်းတွေကို မှာယူတင်သွင်းဖို့ ငွေသား ရှားပါးလာတယ်။ အဲဒီလို အခြေအနေမှာ စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ ငွေကြေးနဲ့ယှဉ်ရင် နိုင်ငံငယ်တွေရဲ့ ငွေတန်ဖိုး ကျဆင်းလာနိုင်တယ်။

အာရှ- ပစိဖိတ်ဒေသဟာ ကုန်သွယ်ရေးလုပ်ဖို့၊ အကျပ်အတည်း ကြုံရချိန်တွေမှာ စီးပွားရေး အကူအညီပေးဖို့ တရုတ်နိုင်ငံကို ဆယ်စုနှစ်များစွာ မှီခိုခဲ့ရတာပါ။ အခုချိန်မှာ ကပ်ရောဂါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းမှုကြောင့် အာရှနိုင်ငံတွေဟာ စီးပွားရေးအပေါ် ကာလရှည် ရိုက်ခတ်မယ့်ဒဏ်တွေ ခံစားရဖို့ ရှိနေပါတယ်။

ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကလည်း ၂၀၂၃ ခုနှစ်မှာ အခက်တွေ့နိုင်တယ်လို့ ဂျော်ဂျီဗာက သတိပေးခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ရှိတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ဟာ ကမ္ဘာ့စီးပွားရေး တည်ငြိမ်ဖို့ အတူတကွ ကြိုးပမ်းလေ့ရှိပြီး သူတို့ရဲ့ အဓိကအခန်းကဏ္ဍတစ်ခုကတော့ စီးပွားရေးနဲ့ပတ်သက်ပြီး ကြိုတင်သတိပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

Ref: Third of world in recession this year, IMF head warns

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top