ငွေကြေးခက်ခဲတဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ ကီလိုမီတာ ၆၀၀၀ ကျော် စက်ဘီးစီးပြီး ခရီးနှင်နေတဲ့ ၆၆ နှစ်အရွယ်အမျိုးသား

23-11-2022yyl01.jpg

ကပ်ရောဂါကာလတွေမှာ လူ့အဖွဲ့အစည်းရဲ့အထိခိုက်ဆုံးအပိုင်းတွေထဲကတစ်ခုဟာ ငွေကြေးခက်ခဲတဲ့ကလေးတွေရဲ့ပညာရေးလည်း အပါအဝင်ပါပဲ။ ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ခဲ့ရပြီး အွန်လိုင်းကနေ အတန်းတွေတက်ခဲ့ရတဲ့အချိန် တချို့ကလေးတွေက ငွေကြေးမတတ်နိုင်တာကြောင့် ပညာကို ဆက်လက်မသင်ကြားဖြစ်ခဲ့ကြဘူး။ ကလေးတော်တော်များများက ငွေကြေးအခက်အခဲကြောင့် မိသားစုကို ထောက်ပံ့ဖို့ ကျောင်းထွက်ခဲ့ကြရတယ်။

ဒေလီအခြေစိုက်စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂါဂမ် ခိုစလာဟာ ဒီပြဿနာကို သိရှိခဲ့ပြီး ဒါကို ဖြေရှင်းဖို့နဲ့ ငွေကြေးခက်ခဲတဲ့ကလေးတွေကို ပံ့ပိုးကူညီဖို့အတွက် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် ဂါဂမ်က Save The Children’s Education Programme အတွက် ရန်ပုံငွေရှာပေးတဲ့အနေနဲ့ the Golden Quadrilateral အဝေးပြေးလမ်းမကြီးတစ်လျှောက် ကီလိုမီတာ ၆၀၀၀ ကျော် စက်ဘီးစီးခရီးနှင်တဲ့ မစ်ရှင်ကို စတင်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်ကို နိုဝင်ဘာ ၂၂ ရက်နေ့က ဒေလီမြို့ကနေ စတင်ခဲ့ပါတယ်။

“ဒီစက်ဘီးပြီးခရီးနှင်တာက COVID-19 ကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးသွားတဲ့ ကလေးတွေကို ကူညီဖို့အတွက် အသိပညာပေးဖို့နဲ့ ရန်ပုံငွေဖန်တီးဖို့ ဖြစ်တယ်။ lockdown ရဲ့ အစောပိုင်းကာလတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ ဘယ်လိုရုန်းကန်နေရသလဲဆိုတာကို မြင်တွေ့ရတဲ့အတွက် တုန်လှုပ်ခြောက်ခြားခဲ့ရတယ်။ ဒါကြောင့် သူတို့အတွက် တစ်ခုခုလုပ်ပေးချင်ခဲ့တယ်။ ရန်ပုံငွေရှာဖို့ ဒီစက်ဘီးခရီးစဉ်ကို လုပ်ဖို့ Save The Children ကို ကမ်းလှမ်းခဲ့တယ်”လို့ ဂါဂမ်က ဆိုပါတယ်။

နောက် ၃၅ ရက်ကတော့ ဂါဂမ်က လမ်းပေါ်မှာပဲ ရှိနေဦးမှာပါ။ တစ်ရက်ကို ကီလိုမီတာ ၂၀၀ နီးပါး စက်ဘီးစီးနေတာပါ။ သူ့ရဲ့စက်ဘီးခရီးစဉ်တစ်​လျှောက် သူ ဖြတ်သန်းသွားတဲ့ မြို့တိုင်းက လူတွေနဲ့ ပိုတွေ့ဆုံပြီး သူ့မစ်ရှင်ရဲ့အရေးကြီးပုံနဲ့ ရန်ပုံငွေအကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။

အရင်က သူဟာ စက်ဘီးစီးပြီး ခရီးနှင်ခဲ့ဖူးပေမဲ့ သူ့မိသားစုက သူ့အတွက် စိုးရိမ်ခဲ့ကြပါတယ်။ “ကျွန်တော်တစ်ခုခုကိုဆုံးဖြတ်ပြီးတာနဲ့ နောက်ကြောင်းပြန်မလှည့်ဘူးဆိုတာကို ကျွန်တော့်မိသားစုက သိတယ်။ ဒါပေမဲ့ အဲ့ဒီစိုးရိမ်ပူပန်မှုကို အပြည့်အဝနားလည်နိုင်တယ်၊ အထူးသဖြင့် အိန္ဒိယလမ်းတွေက အန္တရာယ်အကင်းဆုံးမဟုတ်တဲ့အတွက် ကျွန်တော့်ရဲ့ဘေးကင်းမှုအတွက် စိုးရိမ်ပူပန်တာ နားလည်ပါတယ်။ တချို့အရာတွေကို ရဖို့ ဘဝမှာ စွန့်စားရတယ်လို့ ကျွန်တော် အမြဲယုံကြည်ထားတယ် ” လို့ ဂါဂမ်က ဆိုပါတယ်။

ဂါဂမ်ဟာ ကျောင်းကတည်းက အားကစားသမားဖြစ်ခဲ့ပြီး သူ့ရဲ့ဘဝတစ်လျှောက်လုံး မာရသွန်ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်ခဲ့တယ်။ အသက် ၅၀ မှာ စက်ဘီးစစီးဖြစ်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်က သူ့ရဲ့ ၆၀ ပြည့်မွေးနေ့ဆင်နွှဲတဲ့အနေနဲ့ရော Scindia School အတွက် ရန်ပုံငွေရှာပေးတဲ့အနေနဲ့ပါ Leh မြို့ကနေ Kanyakumari မြို့အထိ ကီလိုမီတာ ၄၃၀၀ စက်ဘီးစီးခဲ့ပါတယ်။

Ref: This 66-Year-Old Delhi Man Is Cycling Over 6000 km To Support Education Of Vulnerable Children

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top