ငါးပြတိုက်တစ်ခုက တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ဆုတောင်း ဒင်္ဂါးငွေတွေကို အသုံးပြုနေရ

13-8-2020-yyl-013.jpg

ဆုတောင်းတဲ့အနေနဲ့ ရေတံခွန်ထဲပစ်ရတဲ့ ဒင်္ဂါးပြားတွေက အခုလိုငွေရေးကြေးရေး ခက်ခဲနေတဲ့ကာလမှာ ငါးပြတိုက်တစ်ခုအတွက် အရမ်းအသုံးဝင်ခဲ့ပါတယ်။ ပြတိုက်က တိရစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် အဲဒီဒင်္ဂါးတွေက မျှော်လင့်ချက်ရောင်ခြည်ပါပဲ။ The North Carolina Aquarium က ဒင်္ဂါးပြားတွေကို ငွေသားအနေနဲ့ ပြောင်းလဲနေတယ်လို့ ပြောပါတယ်။

ပြတိုက် ဝန်ထမ်းတွေဟာ ပေ ၃၀ မြင့်တဲ့ “Smoky Mountain” ရေတံခွန်ကို ပိတ်ထားပြီး အလည်လာတဲ့သူတွေ ဆုတောင်းတဲ့အနေနဲ့ ပစ်ထည့်ခဲ့တဲ့ ဒင်္ဂါးတွေအားလုံးကို စုဆောင်းခဲ့ကြတယ်လို့ စနေနေ့က ဖေ့စ်ဘွတ်ကနေ ပြောကြားခဲ့တာပါ။ အဲဒီတုန်းက ဒင်္ဂါး ဂါလံပုံး (၁၀၀) လောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါတွေကို ငွေသားအဖြစ်ပြောင်းလဲပြီး ဒီကာလအတွင်း ပြတိုက်နဲ့တိရစ္ဆာန်တွေရဲ့ အထွေအထွေအသုံးစရိတ်အဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ငါးပြတိုက်က ရေတံခွန်ထဲမှာ ဒင်္ဂါးပြား ဘယ်လောက်ရှိနိုင်မလဲလို့တောင် လူမှုကွန်ယက်အသုံးပြုသူတွေကို မေးခဲ့ပြီး အဲဒီအမေးကို တုံ့ပြန်တဲ့ကွန်မန့်တွေလည်း အများကြီးရရှိခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း ငါးပြတိုက်ရဲ့ပရောဂျက်အကြောင်း နောက်ထပ်ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ရေတံခွန်ထဲမှာ (၁၄) နှစ်နီးပါးလောက်ရှိနေခဲ့တဲ့ ဒင်္ဂါးတွေကို ရေတွက်သန့်စင်တာထက် အချိန်တော်တော်ယူရကြောင်းနဲ့ နောက်တစ်ပတ်မှာ စုဆောင်းရမိတဲ့ ဒင်္ဂါးစုစုပေါင်းကို ပို့စ်တင်ပြီး ပြောပြပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ငွေသားအဖြစ်ပြောင်းချင်တဲ့အပိုင်းကို ပြည်တွင်းဘဏ်တစ်ခုက ဒင်္ဂါးလဲလှယ်တဲ့ကောင်တာကို ပို့ထားပြီးပြီလို့လည်း ပြောပါတယ်။ စုဆောင်းရှာတွေ့ထားတဲ့ ဒင်္ဂါးသေတ္တာပုံး (၉) ပုံးကို ရေတွက်ဖို့အတွက် (၄) နာရီလောက် အချိန်ယူခဲ့ရပါတယ်။

North Carolina Aquarium က အခြားပြည်နယ်တွေမှာ ထားရှိထားတဲ့ ပြတိုက်တွေနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မတ်လ ၁၇ ရက်နေ့ကတည်းက ယာယီပိတ်ထားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက နေရာအသီးအသီးမှာရှိတဲ့ ပြတိုက်တွေက တိရစ္ဆာန်ထောင်ပေါင်းများစွာကို စောင့်ရှောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဝန်ထမ်းတွေက ကျန်ရှိနေဦးမယ်လို့ ပြောခဲ့ပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်က အခုလအစောပိုင်းမှာ စက်တင်ဘာ ၁၁ ရက်နေ့ထိ Lockdown (Phase 2) ကို တိုးမြှင့်ခဲ့ပါတယ်။ ပြည်နယ်က Lockdown ချတာ အဆင့်(၃) ဖြစ်သွားတဲ့အခါကျရင် ငါးပြတိုက်တွေကို ပြန်ဖွင့်မယ်လို့ သိရပါတယ်။

Ref: CBSNews ‘This aquarium has been closed for almost five months. Now, it’s using old wishing coins to help care for its animals”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top