“အစားအစာတွေကို လွှင့်ပစ်တာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ လိုအပ်တဲ့သူတွေထံ မရောက်တဲ့အပြင် ရင်းမြစ်ဆုံးရှုံးမှုကိုလည်း ဖြစ်စေပါတယ် ” အခုလို ပြောခဲ့သူကတော့ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှာ ပိုလျှံအစားအစာ ဖြန့်ဝေပေးရေး လှုပ်ရှားမှု (No Food Waste)ကို တည်ထောင်ခဲ့သူ ဂိုပါလန်ပါပဲ။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း စွန့်ပစ်အစားအစာ တန်ချိန် ၇၈.၂ သန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ကိုအင်ဘာတောတက္ကသိုလ်ကနေ ကုန်ထုတ်လုပ်ငန်းအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ဂိုပါလန်၊ မာနစ်ကန်၊ မာရီမူသူတို့ သူငယ်ချင်း ၃ ယောက်ဟာ အဲဒီအခြေအနေကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ No Food Waste ဆိုတဲ့ အဖွဲ့ကို စတင်တည်ထောင်ခဲ့ကြတာပါ။
” ဈေးဝယ်အိတ် ၂ လုံးယူ၊ ဘတ်စ်ကားစီးပြီး ကိုအင်ဘာတောမြို့မှာ ပိုလျှံအစားအစာတွေကို လိုက်သိမ်းတယ်။ ပြီးတော့ အိမ်ရာမဲ့သူတွေကို လိုက်လံဝေမျှပေးခဲ့တာပါ” လို့ ဂိုပါလန်က ဆိုပါတယ်။

No Food Waste အဖွဲ့ဟာ အချိန်တိုအတွင်း ဌာနခွဲ ၂၆ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး တမီလ်နာဒူ၊ အန်ဒရာပရာဒက်ရှ်နဲ့ တီလန်ဂါနာပြည်နယ်တွေမှာ အစားအစာ ဝေမျှမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီဌာနတွေအနက် ချန်နိုင်းမြို့မှာ အခြေစိုက်တဲ့ဌာနကတော့ လှုပ်ရှားမှုအားအကောင်းဆုံးပါပဲ။
” ချန်နိုင်းမြို့က ပွဲလမ်းအခမ်းအနားတွေ အရမ်းပေါတော့ ပိုလျှံအစားအစာတွေ အများကြီးရတယ်။ အဲဒီအစားအစာတွေကို လိုက်လံ သိမ်းဆည်းပြီး ဘေးကင်းမှု ရှိ၊ မရှိ စစ်ဆေးပြီးမှ ဝေငှပေးတာပါ”လို့ ချန်နိုင်းဌာနခွဲရဲ့ ဒေသခံဒါရိုက်တာ အာရန်ကူမာက ဆိုပါတယ်။

သူတို့အဖွဲ့အစည်းရဲ့ အဓိက အသက်သွေးကြောကတော့ လုပ်အားပေး ပါဝင်သူတွေပါပဲ။ ချန်နိုင်းဌာနခွဲမှာ ပုံမှန်လုပ်အားပေးသူ ၃၀ ဝန်းကျင်ရှိပြီး ကောလိပ်တွေ၊ စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်လှုပ်ရှားလျက် ရှိပါတယ်။
ပိုလျှံအစားအစာ နည်းပါးတဲ့အချိန်တွေမှာ လိုအပ်နေသူတွေကို အစားအစာ ဝေငှပေးနိုင်ဖို့အတွက်လည်း သူတို့က ရပ်ရွာအခြေပြု စားဖိုဆောင် တည်ထောင်ထားပြီး ပိုလျှံအစားအစာ နည်းပါးချိန်တွေမှာ အစားအစာ ချက်ပြုတ်ဝေငှပေးလျက် ရှိပါတယ်။
No Food Waste အဖွဲ့ဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို လူ ၁၀၀၀ မှ ၁၅၀၀ ကြားအထိ အစားအစာ ဝေငှပေးပြီး လစဉ်လတိုင်း လူ ၄၀၀၀၀ ဝန်းကျင်ကို အစားအစာ ဝေငှပေးလျက် ရှိပါတယ်။
Ref : This Chennai Man Feeds 40000 People Every Month with Surplus Event Food
NZ ( ရိုးရာလေး)