ဆိုလာစွမ်းအင်သုံး ရေချိုထုတ်စနစ်ကြောင့် ကင်ညာရွာသားတွေ အဆိပ်သင့်ရေသောက်စရာ မလိုတော့

yyl-034.jpg

ကမ္ဘာကြီးမှာ ရေပေါများပါတယ်။ တိတိကျကျ ပြောရရင် ကမ္ဘာမြေရဲ့ ၇၁ ရာခိုင်နှုန်းကို ရေတွေ ဖုံးလွှမ်းထားတာပါ။ ဒါပေမဲ့ ကမ္ဘာပေါ်က လူ ၉ ယောက်မှာ တစ်ယောက်ကတော့ ကျန်းမာရေးအတွက် စိတ်ချရတဲ့ သောက်ရေ မရရှိခဲ့ပါဘူး။ ကျန်းမာရေးအတွက် စိတ်ချရတဲ့ သောက်ရေ မရရှိသူဦးရေက ၇၈၅ သန်းလောက် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ရေထုရဲ့ ၉၆.၅ ရာခိုင်နှုန်းဟာ သမုဒ္ဒရာထဲက ဆားငန်ရေတွေ ဖြစ်နေလို့ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ ရေလိုချက်အတွက် မြစ်တွေ၊ ကန်တွေနဲ့ မြေအောက်ရေကိုပဲ မှီခိုအားထားနေရပါတယ်။ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုပမာဏအရ ကမ္ဘာလုံးဆိုင်ရာ ရေရှားပါးပြတ်လပ်မှု ပြဿနာက အန ္တရာယ်ဖြစ်နိုင်ခြေစာရင်းမှာ အဆင့်(၄)နေရာရှိတယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum) က ထုတ်ပြန်ထားပါတယ်။

ရေဘားဖွင့်လိုက်ရုံနဲ့ အလွယ်တကူ ရေရနေသူတွေကတော့ ဒီပြဿနာကို ကောင်းကောင်းနားလည်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အာဖရိကတိုက်လို ရေရှားပါးတဲ့ဒေသတွေမှာ နေထိုင်သူတွေကတော့ ရေပြဿနာကို ခါးစည်းခံနေရပါတယ်။ Give Power ကတော့ သောက်ရေရှားပါးနေတဲ့ ဖွံ့ဖြိုးဆဲဒေသတွေအတွက် မရှိမဖြစ် ဝန်ဆောင်မှုပေးစွမ်းနိုင်ဖို့ ဆိုလာစွမ်းအင် နည်းပညာတွေ ဆောင်ကျဉ်းပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ Give Power အဖွဲ့အစည်းရဲ့အံ့အားသင့်စရာ အကောင်းဆုံး စီမံကိန်းတစ်ခုကတော့ ကင်ညာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ကီအန်ဂါရွာမှာ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်မယ့် သောက်ရေရရှိစေဖို့အတွက် ဆိုလာစွမ်းအင်သုံး ရေချိုထုတ်လုပ်မှုစနစ်(desalination system) ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရေချိုထုတ်လုပ်မှုစနစ်(desalination system) ဆိုတာ ပင်လယ်ရေထဲကနေ ဆားနဲ့ တခြားဓာတ်တွေကို ဖယ်ရှားသန့်စင်တဲ့စနစ်ဖြစ်ပါတယ်။ အဲဒီလို ဖယ်ရှားသန့်စင်ဖို့ ရေငန်တွေကို အရမ်းစိပ်လွန်းတဲ့ ဇကာထဲ အရှိန်ပြင်းပြင်းနဲ့ ဖြတ်စီးခိုင်းရမှာပါ။ ရေအပါအဝင် ဘယ်ပျော်ရည်မှာမဆို ပါဝင်တဲ့ဓာတ်ပစ္စည်းတွေ မျှတနေဖို့ လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ဇကာရဲ့ တစ်ဖက်တစ်ချပ်စီမှာ ရေ၊ ဆားနဲ့ တခြားဓာတ်တွေကို ပမာဏညီမျှအောင် ခွဲထုတ်လိုက်တဲ့ သဘောပါ။ အဲဒီနည်းလမ်းကို Osmotic Pressure လို့ ခေါ်ပါတယ်။ ရေထဲကနေ ဆားနဲ့ တခြားဓာတ်ပစ္စည်းတွေကို ဖယ်ရှားနိုင်ဖို့ ဖိအားသုံးဖို့လိုပါတယ်။ အဲဒီဖိအားဖြစ်ပေါ်စေဖို့ စွမ်းအင်အများကြီး လိုအပ်ပါတယ်။ အရင်တုန်းက desalination လုပ်ရာမှာ ဓာတုပစ္စည်း တော်တော်များများကို အသုံးပြုရပါတယ်။ ဒါပေမဲ့ GivePower အဖွဲ့အစည်းက solar water farms ဆိုတဲ့ နည်းပညာသစ်ကို အသုံးပြုပြီး အရင်တုန်းက ကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းခဲ့ပါတယ်။ အဲဒီစနစ်မှာ ဆိုလာပြားတွေကို အသုံးပြုထားပြီး စွမ်းအင် ၅၀ ကီလိုဝပ်ထွက်အောင် လုပ်ပါတယ်။ အဲဒီစွမ်းအင်ကို စွမ်းဆောင်ရည်မြင့်မားတဲ့ Tesla ဘက်ထရီ ၂ လုံးထဲမှာ သိုလှောင်ထားပြီး အချိန်ပြည့်လည်ပတ်နေတဲ့ ရေစက်နှစ်လုံးအတွက် အသုံးပြုပါတယ်။ အဲဒီရေစက်တွေကနေ ထွက်လာတဲ့ရေဟာ ပုံမှန် desalination စက်ကနေ ထွက်လာတဲ့ရေထက် အရည်အသွေး ပိုကောင်းပါတယ်။

အရင်တုန်းကဆိုရင် ကီအန်ဂါရွာမှာ နေထိုင်သူတွေဟာ သူတို့ရွာရဲ့ တစ်ခုတည်းသော ရေအရင်းအမြစ်ကို ရောက်ဖို့ တစ်နာရီကြာအောင် သွားရပါတယ်။ အဲဒီရေတွင်းဟာ ကျွဲ၊ နွား တိရစ္ဆာန်တွေ ရေချိုးတဲ့ ချောင်းပေါ်မှာ တည်ရှိလို့ မသန့်ရှင်းတဲ့အရာတွေ၊ ပိုးမွှားတွေ ပြည့်နှက်နေပါတယ်။ ကီအန်ဂါရွာမှာ နေထိုင်သူတွေကတော့ သောက်ရေ၊ သုံးရေအတွက် ဒီရေတွင်းတစ်ခုတည်းကိုပဲ အားကိုးအားထား ပြုနေရတာပါ။ အခုတော့ ကီအန်ဂါရွာမှာ နေထိုင်သူ ၃၅၀၀ ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်ရေကို ရေပိုက်ကနေ အလွယ်တကူ ရရှိနေကြပါပြီ။

Ref:Kenya Installs the First Solar Plant That Transforms Ocean Water Into Drinking Water

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top