ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ

yyl-023-19.jpg

ဗီတာမင် D ဟာ ကိုယ်ခန္ဓာရဲ့စနစ်အတော်များများကို အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ တခြားဗီတာမင်တွေနဲ့ မတူတာက ဗီတာမင် D ဟာ ဟော်မုန်းကဲ့သို့ အလုပ်လုပ်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ဆဲလ်တစ်ခုချင်းစီမှာ သူ့အတွက် လက်ခံတဲ့နေရာ တစ်ခုစီရှိပါတယ်။ ကျွန်တော်တို့အရေပြားဟာ နေရောင်နဲ့ထိတွေ့ချိန်မှာ ကိုလက်စထရောကနေဗီတာမင် D ကို ထုတ်လုပ်နိုင်ပါတယ်။ အဆီဓာတ်များတဲ့ငါးနဲ့ အားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ တစ်နေ့တာ စားသုံးသင့်တဲ့ ဗီတာမင် D ပမာဏကတော့ ၄၀၀ မှ ၈၀၀ IU ဖြစ်ပါတယ်။
ဗီတာမင် D ချို့တဲ့ခြင်းဟာလည်း တွေ့ရများတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ ဗီတာမင် D ချို့တဲ့သူပေါင်း တစ်ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်ရောက်ပြီးသူ ၄၁.၆ % ဟာ ဗီတာမင်ချို့တဲ့မှု ရှိတယ်လို့ ဆိုပါတယ်။

ဗီတာမင် D ချို့တဲ့မှုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
– အသားအရေညိုခြင်း
– အသက်ကြီးခြင်း
– ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း
– ငါး နှင့် နို့ထွက်ပစ္စည်းများ စားသုံးမှုမရှိခြင်း
– အီကွေတာနှင့် ဝေးရာဒေသတွင် နေထိုင်ခြင်း
– အပြင်ထွက်ရာတွင် နေရောင်ကာပစ္စည်းများ၊ ဆေးများ သုံးလွန်းခြင်း
– အိမ်တွင်း အနေများခြင်း

ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်း

ဗီတာမင် Dရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တခုကတော့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးမွှားတွေရဲ့ ရန်ကိုကာကွယ်နိုင်အောင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းပါပဲ။ တကယ်လို့ မကြာခဏ ဖျားနာနေတယ်ဆိုရင်၊ တုတ်ကွေး အအေးမိခြင်း ဖြစ်လွယ်ရင် ဗီတာမင် D ချို့တဲ့ခြင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ အအေးမိခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း စတာတွေဟာ ဗီတာမင် D ချို့တဲ့ခြင်းနဲ့ ဆက်စပ်မုရှိနေတယ်လို့ သိရပါတယ်။ ဗီတာမင် D အားဆေးကို တနေ့ ၄၀၀၀ IU ကို သုံးစွဲသူများဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

၂။ ပင်ပန်းနွမ်းနယ်ခြင်း

ဗီတာမင် D ဟာ ကိုယ်ခန္ဓာထဲမှာ အလုံအလောက်မရှိတဲ့အခါ ပင်ပန်းနွမ်းနယ်ဖြစ်လွယ်ပါတယ်။ လူတစ်ဦးချင်းဆီမှာ ရှိသင့်တဲ့ ဗီတာမင် D ပမာဏကတော့ 20 ng/ml ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက် လျော့နည်းတဲ့အခါ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

၃။ အရိုးနာခြင်း၊ ခါးနာခြင်း

ဗီတာမင်ဒီဟာ အရိုးများရဲ့ ကျန်းမာရေးကို နည်းမျိုးစုံနဲ့ အထောက်အကူပေးပါတယ်။ ဥပမာ ကယ်လ်ဆီယမ်ဓာတ်ကို အရိုးများမှ ကောင်းကောင်းစုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။ သေါးထဲမှာ ဗီတာမင်ဒီ လျော့နည်းတဲ့အခါ အရိုးများနာကျင်ခြင်း၊ ခါးနာခြင်း စတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဗီတာမင် D လျော့နည်းသူများဟာ ပုံမှန်ရှိသူများထက်စာရင် ခြေထောက်၊ နံရိုး၊ အဆစ်အမြစ် စတာတွေ ကိုက်ခဲနာကျင်ဖို့ ဖြစ်နိုင်ခြေနှစ်ဆရှိကြောင်း သိရပါတယ်။

၄။ စိတ်ကျရောဂါ

စိတ်ဓာတ်ကျခြင်းဟာ ဗီတာမင်ဒီ ချို့တဲ့ခြင်းရဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ စိတ်ကျခြင်းနဲ့ ဗီတာမင် D လျော့နည်းခြင်းအကြား ဆက်စပ်မှုရှိနေကြောင်း သုတေသီများက တွေ့ရှိထားပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စိတ်ကျပြဿနာရှိသူတွေကို ဗီတာမင် D ပေးတဲ့အခါ စိတ်အခြေအနေတိုးတက်မှုရှိကြောင်း တွေ့ရှိတယ်လို့ ဆိုပါတယ်။ ရာသီဥတု အေးစက်မှုန်မှိုင်းချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကျခြင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

၅။ အနာကျက်နှေးခြင်း

ခွဲစိတ်ကုသမှုခံယူထားသူများ၊ ထိခိုက်ဒဏ်ရာရသူများမှာ အနာကျက်နှေးခြင်းဟာဗီတာမင် Dလျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင် Dဟာ အရေပြားအသစ်ကို ဖြစ်ပေါ်စေဖို့ အထောက်အကူပြုတယ်လို့ စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို နှိမ်နင်းပေးနိုင်တာကြောင့် အနာကျက်မြန်စေပါတယ်။

၆။ ဆံပင်ကျွတ်ခြင်း

သုတေသနတခုမှာ ဖော်ပြချက်အရ ဗီတာမင် D ချို့တဲ့သူအမျိုးသမီးတွေမှာ ဆံပင်ကျွတ်နှုန်းများကြောင်း သိရပါတယ်။ Alopecia areata ဆိုတဲ့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ရောဂါမှာ ဆံပင်အလွန်ကျွတ်တတ်ပြီး ဗီတာမင် Dချို့တဲ့တဲ့ အရိုးပျော့ရောဂါ လက္ခဏာကိုလည်း တွေ့ရပါတယ်။

၇။ ကြွက်သားများနာကျင်ခြင်း

ကြွက်သားများနာကျင်နေတတ်ခြင်းဟာ အကြောင်းအရာပါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ အဆိုပါ အကြောင်းအရာထဲမှာ ဗီတာမင် D ချို့တဲ့ခြင်းလည်း ပါဝင်ပါတယ်။ သုတေသနတခုမှာ ကြွက်သားများ နာတာရှည် နာကျင်နေတတ်သူများရဲ့ ၇၁%မှာ ဗီတာမင် D ချို့တဲ့ကြောင်း ဖော်ပြထားပါတယ်။

ဗီတာမင် Dချို့တဲ့ခြင်းဟာ တွေ့ရများပေမယ့် လူအများဟာ သတိမထားမိတတ်ကြပါဘူး။ လက္ခဏာသိပ်မပြတာ၊ တိကျမှုမရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင် ချို့တဲ့ကြောင်း သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးသင့်ပါတယ်။ နေရောင်ခြည်ထိတွေ့ခြင်း၊ ဗီတာမင် D ကြွယ်ဝသော အစားအစာများစားခြင်း၊ ဗီတာမင် D အားဖြည့်ဓာတ်စာများ စားသုံးခြင်း စတာတွေနဲ့လည်း ဗီတာမင် Dကို ဖြည့်တင်းနိုင်ပါတယ်။

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top