ဒစ်ဂျစ်တယ်ငွေကြေးတူးဖော်ခြင်းကနေ ဒေါ်လာ ၃၀,၀၀၀ လတိုင်းဝင်နေတဲ့ မောင်နှမ

6-9-2021-yyl1.jpg

အသက် ၁၄ နှစ် အရွယ် အစ်ရှန် သာကာ (Ishaan Thakur) နဲ့ သူ့ရဲ့ညီမလေး အသက် ၉ နှစ်အရွယ် အာညာ (Aanya) တို့ဟာ နွေရာသီအားလပ်ရက်တွေမှာ ဒီဂျစ်တယ်ငွေကြေးတူးဖော်တဲ့ အကျိုးအမြတ်ရတဲ့စီးပွားရေးတစ်ခုကို လုပ်ရင်း အချိန်ကုန်နေတာပါ။ သူတို့က နည်းပညာအကြောင်း အသစ်အသစ်တွေကို လေ့လာသင်ယူချင်ခဲ့ပြီး အဲဒီကနေ ငွေရချင်ခဲ့တာကြောင့် အဲဒီစီးပွားရေးကို စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လတိုင်း အဲဒီမောင်နှမက ဈေးကွက်မှာ အကြီးဆုံးဒီဂျစ်တယ်ငွေကြေးစနစ် Bitcoin၊ ဒုတိယအကြီးဆုံး ether နဲ့ ravencoin တွေဖြစ်တဲ့ ဒီဂျစ်တယ်ငွေဒင်္ဂါး (၃) ခုကို တူးဖော်ရင်း ဒေါ်လာ ၃၀,၀၀၀ ကျော် ဝင်ငွေရပါတယ်။

ဒေါ်လာတွေ ယူရိုတွေလို အသုံးပြုလို့ရတဲ့ ဒီဂျစ်တယ်ငွေကြေးတူးဖော်ခြင်း (Mining Cryptocurrency) ဆိုတာက အွန်လိုင်းကနေတဆင့် ကွန်ပျူတာကို အသုံးပြုပြီး ရှုပ်ထွေးတဲ့သင်္ချာပုစ္ဆာတွေကို ဖြေရှင်းရတာပါ။ အရင်ဆုံးဖြေရှင်းနိုင်တဲ့သူတွေက ဒစ်ဂျစ်တယ်ငွေကြေးပမာဏတစ်ခုကို ဆုငွေအနေနဲ့ ရရှိပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေးတူးဖော်ဖို့အတွက် အစ်ရှန်နဲ့ အာညာ တို့က ဘယ်လိုတူးဖော်ရမလဲဆိုတာ လေ့လာခဲ့ရပါတယ်။ Bitcoin နဲ့ Ether လို့ ဒစ်ဂျစ်တယ်ငွေကြေးတွေ တူးဖော်တဲ့အခါ ငွေအလွှဲအပြောင်းတွေကို တရားဝင်အတည်ပြုဖို့အတွက် ခက်ခဲတဲ့ပုစ္ဆာတွေကို ဖြေရှင်းဖို့ ကွန်ပျူတာတွေကို ရှုပ်ထွေးစွာနဲ့ပရိုဂမ်မီလုပ်ထားရပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးတွေကို တူးဖော်ရတာက ရွှေ နဲ့စိန်တွေကို တူးဖော်ရသလိုပါပဲ။ ဂေါ်ပြားလို ပစ္စည်းတွေအသုံးပြုမယ့်အစား ကွန်ပျူတာနဲ့ တူးဖော်ရတယ်။ မိုင်းတွင်းမှာ ရွှေနဲ့စိန်တွေကို ရှာတွေ့မယ့်အစား ဒစ်ဂျစ်တယ်ငွေကြေးကို ရှာတွေ့တယ်လို့ အစ်ရှန်က ဆိုပါတယ်။

Youtube ဗီဒီယိုတွေကို ကြည့်ပြီး အင်တာနက်မှာရှာဖွေပြီးတော့ အစ်ရှန်က သူ့ရဲ့ဂိမ်းကစားတဲ့ကွန်ပျူတာဖြစ်တဲ့ Alienwarw ကို ငွေကြေးတူးဖော်တဲ့စက်အဖြစ် ပြောင်းလဲပစ်ခဲ့တာပါ။ သူတို့ရဲ့မိဘတွေကလည်း နောက်ကနေ ပံ့ပိုးပေးတယ်လို့ သိရပါတယ်။ သူတို့မောင်နှမက နွေရာသီအားလပ်ရက်မှာ ဂိမ်းဆော့ပြီး အချိန်ဖြုန်းလို့ရပေမဲ့ ပိုနေတဲ့အချိန်တွေကို နည်းပညာအကြောင်းလေ့လာခဲ့ကြတယ်။

အရင်ဆုံး သူတို့မောင်နှမက Ether တူးဖော်ခြင်းကနေ စတင်ခဲ့တယ်။ Bitcoin တူးဖော်ရတာက ခက်ခဲနိုင်တဲ့အတွက်ကြောင့်ပါ။ ထောက်ပံ့တဲ့ပစ္စည်းတွေက အကန့်အသတ်နဲ့ဖြစ်တဲ့အတွက် Bitcoin ကို တူးဖော်တဲ့အခါ ပြိုင်ပွဲက ပိုပြီး ပြင်းထန်နိုင်ပါတယ်။ ပထမဆုံးရက်မှာတော့ ၃ ဒေါ်လာပဲ ဝင်အောင် လုပ်နိုင်ခဲ့တယ်။ အစ်ရှန်နဲ့ အာညာ က သူတို့ရဲ့စီးပွားရေးတရားဝင်ဖို့အတွက် သူတို့ရဲ့ဖခင်အကူအညီနဲ့ ကိုယ်ပိုင်ကုမ္ပဏီ Flifer Technologiesကို ဧပြီလ ၃၀ ရက်နေ့က တည်ထောင်ခဲ့ပါတယ်။

သူတို့မောင်နှမရဲ့ဝင်ငွေက ဆက်လက်မြှင့်တက်ခဲ့ပြီး ဇူလိုင်လနောက်ပိုင်းမှာတော့ Bitcoin နဲ့ ravencoin တွေ တူးဖော်ရေးစတင်ဖို့ Antminers နဲ့ Nvidia RTX 3080 -Ti ဂရက်ဖစ်ကတ်တွေ လို ပစ္စည်းကိရိယာတွေကို ဝယ်နိုင်ခဲ့ပါတယ်။ ဘယ်တစ်ခုကို တူးဖော်မလဲဆုံးဖြတ်တဲ့အခါ ravencoin ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့မှာ ရှိတဲ့ ကိရိယာက အဲဒါကို တူးဖော်ဖို့အတွက် အသင့်တော်ဆုံးဖြစ်လို့ပါ။ လက်ရှိ ကိရိယာပေါ်မူတည်ပြီး စက်တင်ဘာလမှာ ဒေါ်လာ ၃၆,၀၀၀ ဝန်းကျင်ဝင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အစ်ရှန်နဲ့ အာညာ တို့က အောင်မြင်မှုရခဲ့ပေမဲ့ ဒီဂျစ်တယ်ငွေကြေးတူးဖော်တဲ့လုပ်ငန်းစဉ်က မလွယ်ကူပါဘူး။ အရမ်းရှုပ်ထွေးတဲ့အပြင် ဈေးကြီးတဲ့ပစ္စည်းကိရိယာတွေ၊ စွမ်းအင်တွေ၊ကွန်ပျူတာအားတွေလိုအပ်တဲ့အတွက် တူးဖော်ရတာက ဈေးမချိုပါဘူး။ အစ်ရှန်နဲ့ အာညာ တို့မှာ Processor (၉၇) ခုကျော်ရှိပါတယ်။ အဲဒါဝယ်ယူနိုင်ဖို့ သူ့ရဲ့ဖခင်က ချေးငွေထုတ်ယူဖို့ ကူညီပေးခဲ့တာပါ။ ချေးငွေ ဘယ်လောက်ယူထားလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ကမ္ဘာတစ်ဝှမ်းက ကွန်ပျူတာချစ်ပ်တွေက ပစ္စည်းကိရိယာတွေကို ရှာဖို့ရ ပိုပြီး ခက်ခဲအောင်လုပ်ထားသလို ဈေးနှုန်းကိုလည်း အမြင့်ဆုံးသတ်မှတ်ထားပါတယ်။ အစ်ရှန်တို့မောင်နှမက Nividia RTX 3090 ဂရက်ဖစ်ကတ်တွေကို အများဆုံးအသုံးပြုတာပါ။ ကတ်တစ်ခုချင်းကို ဒေါ်လာ ၂၅၀၀ ကနေ ဒေါ်လာ ၃၀၀၀ ဝန်းကျင်နဲ့ ဝယ်ယူရပါတယ်။သူတို့က အိမ်ကနေ ငွေကြေးတူးဖော်သလို ပတ်ဝန်းကျင်ကောင်းတဲ့နေရာမှာ တူးဖော်ချင်တဲ့အတွက် ဒေတာစင်တာတစ်ခုကိုလည်း ငှားရမ်းထားပါတယ်။ နေရာနှစ်ခုပေါင်းအတွက် မီတာခက တစ်လ ဒေါ်လာ ၃၀၀၀ ကျသင့်တယ်လို့ အစ်ရှန်က ဆိုပါတယ်။

အစ်ရှန်တို့က သူတို့ရဲ့အမြတ်ကို သူတို့ရဲ့စီးပွားရေးမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီဂျစ်တယ်ငွေကြေးတူးဖော်ခြင်းကနေ ရတဲ့အမြတ်တွေကို သူတို့ရဲ့ကျောင်းစရိတ်အတွက်လည်း သုံးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အစ်ရှန်က University of Pennsylvania မှာ ကျောင်းတက်ရဖို့ မျှော်လင့်နေပါတယ်။ အဲဒီတက္ကသိုလ်မှာ ဆေးပညာသင်ယူပြီး ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါ။ အာညာ ကလည်း ဆေးပညာသင်ယူချင်ပေမဲ့ နယူးယောက်တက္ကသိုလ်မှာ တက်ချင်တယ်လို့ သိရပါတယ်။

သူတို့မှာ ငွေစုဆောင်းဖို့ အချိန်ရှိပါသေးတယ်။ အခုမှာ အစ်ရှန်က အထက်တန်းတက်ရောက်နေပြီး အာညာ ကတော့ (၄) တန်းတက်ရောက်နေပါတယ်။

Ref: CNBC “These 14- and 9-year-old siblings earn over $30,000 a month mining cryptocurrency”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top