ရှေးနှစ်ပေါင်း ၂၅၀ ကတည်းက ဖန်တီးခဲ့ပြီး သက်ရှိငန်းတစ်ကောင်အတိုင်း လှုပ်ရှားနိုင်တဲ့ အံ့ဖွယ်ဆန်းကျယ် ငွေငန်းစက်ရုပ်

21.11.23-yyl-23.jpg

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ က ဆန်းကျယ်တဲ့ ယန္တယားအတတ်ပညာနဲ့ ဖန်တီးထားတဲ့ ငွေငန်းစက်ရုပ်ဟာ ဒီနေ့အချိန်အထိ ဧည့်ပရိသတ်တွေကို ဆွဲဆောင်နိုင်နေဆဲပါပဲ။ သက်ရှိငန်းတစ်ကောင် ငါးဖမ်းနေတဲ့ပုံစံအတိုင်း လှုပ်ရှားနိုင်တဲ့ ငွေငန်းစက်ရုပ်ဟာ သမိုင်းတစ်လျှောက် နာမည်အကျော်ကြားဆုံး စက်ရုပ်တစ်ခုပါပဲ။

ဘယ်လ်ဂျီယံနိုင်ငံသား တီထွင်သူ ဂျွန်ဂျိုးဆက်မာလင်က စက်ယန္တယားပိုင်း ဖန်တီးပေးခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံသား ကျောက်မျက်ပညာရှင်၊ ပန်းထိမ်ဆရာ ဂျိမ်းစ်ကောက်စ်က အပြင်အဆင်ပိုင်းကို တာဝန်ယူ ပုံဖော်ခဲ့တာပါ။ ကမ္ဘာကျော်စာရေးဆရာ မက်တွိမ်းကတောင် ငွေငန်းစက်ရုပ်ရဲ့ လှုပ်ရှားမှုက အသက်ဝင်လွန်းပြီး သူ့ရဲ့မျက်လုံးထဲမှာ ဉာဏ်ရည်ဉာဏ်သွေးကို မြင်နေရသလိုပဲလို့ ရေးခဲ့ဖူးပါတယ်။

အလေးချိန် ၅၅ ပေါင်ကနေ ၆၆ ပေါင်ကြားရှိတဲ့ ငွေငန်းစက်ရုပ်မှာ (ဝက်အူနဲ့ အထိန်းကွင်း မပါ) အစိတ်အပိုင်းပေါင်း ၇၀၀ ကျော် ရှိပါတယ်။ အပြားခပ်ထားတဲ့ ငွေပြား ၉၉ ပြား၊ လည်ပင်းအဖြစ် အသုံးပြုတဲ့ ငွေကွင်း ၁၁၃ ကွင်းနဲ့ ဖန်ချောင်း ၁၄၁ ချောင်း ပါဝင်ပါတယ်။

လည်ပင်းကွင်းတွေဟာ တစ်ခုရပ်သွားတာနဲ့ အကုန်ရပ်တန့်သွားမှာဖြစ်လို့ အလွန်အနုစိတ်ရတဲ့ အစိတ်အပိုင်းဖြစ်ပြီး အတွင်းပိုင်းမှာတော့ နာရီစက်ယန္တယားပုံစံ ယန္တယား ၃ ခုနဲ့ တည်ဆောက်ထားတာပါ။ ၁၈၆၇ ခုနှစ် ပဲရစ်နိုင်ငံတကာပြပွဲမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ငွေငန်းစက်ရုပ်ကို အဲဒီတုန်းက ဈေးနှုန်း ဖရန့်ငွေ ၅၀၀၀၀ ( လက်ရှိငွေဈေးအရ ကန်ဒေါ်လာ ၂၀၀၀၀၀ ကျော်) သတ်မှတ်ထားပေမဲ့ နောက် ၅ နှစ်အကြာမှာတော့ ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေဖြစ်တဲ့ ဂျွန်ဘိုဝီနဲ့ ဂျိုဆက်ဖင်းဟိုဝီတို့က မူလဈေးရဲ့ ၁၀ ပုံ၊ ၁ ပုံ ဝန်းကျင်လောက်နဲ့ ဝယ်ယူနိုင်ခဲ့ပြီး ဘိုဝီပြတိုက် (Bowes Museum)မှာ ခင်းကျင်းပြသခဲ့ကြပါတယ်။

လည်ပင်းကို ထိန်းကျောင်းပြုပြင်ပေးရင် အခုချိန်အထိ စက်ယန္တယားက အလုပ်လုပ်နေဆဲဖြစ်ပေမဲ့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါပြီး ရန်ပုံငွေ ရှာဖွေနိုင်မယ်လို့ ဘိုဝီပြတိုက်ရဲ့ ပြတိုက်မှူးက ဆိုပါတယ်။

ငွေငန်းစက်ရုပ်ရဲ့ လှုပ်ရှားမှုဗီဒီယို

Ref: This Silver Swan Automaton Is a 250-Year-Old Mechanical Marvel
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top