စားနပ်ရိက္ခာဖူလုံတဲ့အနာဂတ် ပုံဖော်ဖို့ မြေပဲကနေ ခေါက်ဆွဲခြောက်ထုတ်နေတဲ့ စင်ကာပူကုမ္ပဏီ

10-5-2022-yyl-08.jpg

၂၀၁၈ ခုနှစ် စစ်တမ်းအရ ကမ္ဘာပေါ်မှာ စားလို့ရတဲ့ အပင်မျိုးစိတ် ၃ သိန်း ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ စားသောက်ကုန် ထုတ်လုပ်မှုရဲ့တစ်ဝက်ကတော့ ကောက်ပဲသီးနှံ ၄ မျိုးကိုပဲ အသုံးပြုနေတာပါ။ အဲဒီ ၄ မျိုးထဲမှာ ဆန်၊ ပြောင်းနဲ့ ဂျုံကတော့ ပို့ကုန်အားလုံးရဲ့ ၈၆ ရာခိုင်နှုန်း ရှိပါတယ်။

WhatIF Foods ကုမ္ပဏီကို ပူးတွဲတည်ထောင်တဲ့ အမှုဆောင်ချုပ် လန်ဝေါ်နာက ဒါကို ပြောင်းလဲချင်နေပါတယ်။ ဂေဟစနစ်နဲ့ ကိုက်ညီမယ့် ကောက်ပဲသီးနှံကို အသုံးပြုပြီး အစားအစာကုန်ကြမ်း ပေါများစုံလင်စေဖို့ သူက ရည်ရွယ်နေတာပါ။ ဂေဟစနစ်နဲ့ ကိုက်ညီမယ့်ကုန်ကြမ်းက မြေဆီခန်းခြောက်နေတဲ့ မြေနေရာတွေမှာ မြေဆီမြေသြဇာ ပြည့်ဝလာစေမယ်၊ ရေသုံးစွဲမှုကိုလည်း လျှော့ချနိုင်ရမယ်၊ စားသုံးသူတွေရဲ့ အာဟာရဓာတ်လည်း ပြည့်ဝစေရမယ်၊ စားနပ်ရိက္ခာလည်း ဖူလုံစေရမယ်လို့ ဆိုပါတယ်။ သူပြောတဲ့ ကောက်ပဲသီးနှံကတော့ ဘန်ဘာရာမြေပဲ(Bambara groundnut)ပါပဲ။

ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှားတဲ့နေရာမှာလည်း ရှင်သန်နိုင်တဲ့ ဘန်ဘာရာမြေပဲဟာ အနောက်အာဖရိကတိုက်မှာ စတင်တွေ့ရှိတဲ့ မျိုးစိတ်ဖြစ်ပြီး အခုအခါမှာတော့ အာဖရိကတစ်တိုက်လုံးတင်မက အာရှတိုက်မှာပါ စိုက်ပျိုးလာကြပါပြီ။ အစေ့အဆန်မျိုးရင်းဖြစ်လို့ ဘန်ဘာရာမြေပဲ စိုက်ပျိုးတဲ့မြေဟာ နိုက်ထရိုဂျင်ပြည့်ဝပြီး တခြားကောက်ပဲသီးနှံတွေ စိုက်ပျိုးဖြစ်ထွန်းစေပါတယ်။ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝသလို မရှိမဖြစ် လိုအပ်တဲ့ အမီနိုအက်ဆစ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်လို့ ပြီးပြည့်စုံတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အာဖရိကဟင်းလျာတွေချက်ရင် ထည့်သွင်းလေ့ရှိပြီး အခုအချိန်ထိတော့ ဒေသတွင်းမှာပဲ ရောင်းဝယ်၊ စားသုံးနေဆဲပါပဲ။

စင်ကာပူနိုင်ငံအခြေစိုက် WhatIF Foods ကုမ္ပဏီက ဘန်ဘာရာမြေပဲကို အသုံးပြုပြီး အသင့်စား ခေါက်ဆွဲခြောက်၊ စွတ်ပြုတ်နဲ့ ဖျော်ရည်တွေ ထုတ်လုပ်နေပါတယ်။ အဲဒီလို ထုတ်လုပ်ခြင်းအားဖြင့် ဘန်ဘာရာမြေပဲက စားသောက်ကုန်စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး ဈေးကွက်သစ် ဖန်တီးနိုင်ဖို့ လန်ဝေါ်နာက မျှော်လင့်နေပါတယ်။

အရင်တုန်းက အစားအသောက်ဆိုင်ရာ နည်းပညာလုပ်ငန်းစုတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လန်ဝေါ်နာက ဈေးကွက်ထဲမှာ လူသုံးနည်းသေးတဲ့ ဘန်ဘာရာမြေပဲကို လူသိများတဲ့ စားသောက်ကုန် ခေါက်ဆွဲခြောက်ကတစ်ဆင့် မိတ်ဆက်ပေးဖို့ အကြံရခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်စစ်တမ်းအရ ကမ္ဘာပေါ်မှာ ခေါက်ဆွဲခြောက် စားသုံးမှု ၁၁၆ ဘီလျံအထိ ရှိခဲ့ပြီး WhatIF ကုမ္ပဏီကတော့ ၂၀၂၀ ပြည့်နှစ်ကစလို့ စင်ကာပူနိုင်ငံမှာ သူတို့ရဲ့ခေါက်ဆွဲခြောက်တွေကို စတင်ဖြန့်ချိခဲ့တယ်။ WhatIF ရဲ့ ခေါက်ဆွဲခြောက်တွေဟာ အစဉ်အလာ အသုံးပြုနေကြဖြစ်တဲ့ deep frying ( ဆီများများနဲ့ အပူပေးတာ)အစား air frying ( ဆီမပါဘဲ (သို့)ဆီနည်းနည်းလေးနဲ့ အပူပေးတဲ့နည်းစနစ်) နဲ့ ပုံစံတူ နည်းစနစ်ကို အသုံးပြုခဲ့တာပါ။

ဒါကြောင့် WhatIF ရဲ့ ခေါက်ဆွဲခြောက်တွေမှာ ဆီအုန်း အသုံးပြုခြင်း မရှိသလို အဆီပါဝင်မှု လျော့နည်းစေပါတယ်။ ဆီအုန်းဟာ သစ်တောပြုန်းတီးမှု၊ မြေထု၊ ရေထုညစ်ညမ်းမှုတွေနဲ့ ဆက်နွှယ်နေပါတယ်။ WhatIF ရဲ့ ခေါက်ဆွဲခြောက်တွေဟာ ဂျုံကို အခြေခံထုတ်လုပ်ထားတဲ့ တခြားခေါက်ဆွဲခြောက်တွေနဲ့ယှဉ်ရင် ပရိုတိန်းဓာတ်ရော၊ အမျှင်ပါဝင်မှုရော ပိုများပါတယ်။

ဒါပေမဲ့ WhatIF ရဲ့ ခေါက်ဆွဲခြောက် တစ်ထုတ်ကို အမေရိကန်ဒေါ်လာ ၂.၅ ပေးရလို့ တခြားခေါက်ဆွဲခြောက်တွေနဲ့ယှဉ်ရင် ဈေးပိုကြီးပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့ စားသုံးသူတွေ (အထူးသဖြင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူတွေနဲ့ Gen-Z တွေ)ကတော့ ရေရှည်အကျိုးရှိစေမယ့် ထုတ်ကုန်ပစ္စည်းအတွက် ငွေကြေးအကုန်အကျ ခံကြလိမ့်မယ်လို့ လန်ဝေါ်နာက ကိုးစားပြီး အရဲစွန့်နေတာပါ။

ဘန်ဘာရာမြေပဲဟာ အာဟာရဓာတ်ပြည့်ဝပြီး စိုက်ပျိုးမြေအတွက် ကောင်းမွန်စေပေမဲ့ စိုက်ပျိုးမှုပမာဏကတော့ အရမ်းနည်းပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာ ဂျုံစိုက်ပျိုးမှု ကုဗတန် ၇၇၈.၈ သန်း ရှိခဲ့ပေမဲ့ အာဖရိကတိုက်မှာ ဘန်ဘာရာမြေပဲ နှစ်စဉ် စိုက်ပျိုးမှုက တန်ချိန် ဝ.၃ သန်းပဲ ရှိပါတယ်။ (ဈေးကွက်ဝယ်လိုအားကြောင့်) ဘန်ဘာရာမြေပဲကို အဓိကစိုက်ပျိုးသီးနှံအဖြစ် မစိုက်ကြတာဖြစ်မယ်လို့ တောင်အာဖရိကနိုင်ငံ ကိတ်ပင်နီဆူလာ နည်းပညာတက္ကသိုလ်ရဲ့ အစားအစာသိပ္ပံပါမောက္ခ ဗစ်တိုးရီးယားဂျီဒီယာနီက ပြောပါတယ်။ တောင်သူတွေက စိုက်ပျိုးမြေ မြေဆီလွှာကောင်းဖို့အတွက်လောက်ပဲ ဘန်ဘာရာမြေပဲကို စိုက်ပျိုးကြပြီး သီးနှံပေါ်ချိနိရောက်ရင် သူတို့ဝမ်းစာလုပ်ရင်လုပ် ဒါမှမဟုတ် အနည်းအကျဉ်းလောက်ပဲ ရောင်းကြတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဘန်ဘာရာမြေပဲအတွက် နိုင်ငံတကာဈေးကွက်သစ် ဖော်ဆောင်လိုက်မယ်ဆိုရင် တောင်သူတွေအနေနဲ့ (အဓိကသီးနှံအဖြစ်) စိုက်ပျိုးချင်စိတ် ပေါ်ပေါက်လာနိုင်ပြီး (ရာသီဥတုပြောင်းလဲမှုကြောင့် တခြားကောက်ပဲသီးနှံ စိုက်ပျိုးမှု ခြိမ်းခြောက်ခံနေရချိန်မှာ) အနာဂတ်မျိုးဆက်တွေအတွက် စားနပ်ရိက္ခာ ဖူလုံစေလိမ့်မယ်လို့ ဂျီဒီယာနီက ပြောပါတယ်။

မိုးခေါင်ရေရှားမှုနဲ့ မြေဆီလွှာ ဆုံးရှုံးမှုကြောင့် တစ်မိနစ်တိုင်း စိုက်ပျိုးမြေ ၂၃ ဟက်တာဧက ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပြီး ရေရှားမှုကြောင့် စိုက်ပျိုးမြေရဲ့ ၄၀ ရာခိုင်နှုန်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ပြောင်းစိုက်ပျိုးခဲ့ဖူးတဲ့ စိုက်ပျိုးမြေနေရာတော်တော်များများဟာ နောက်ထပ်စိုက်ပျိုးမရတဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ ဂျီဒီယာနီက ဆိုပါတယ်။ ဒါဟာ အာဖရိကတိုက်ရဲ့ အဓိကပြဿနာတစ်ရပ်ဖြစ်ပြီး စိုက်ပျိုးမြေရဲ့ ၆၅ ရာခိုင်နှုန်းအထိ မြေဆီလွှာ ဆုံးရှုံးနေရပါတယ်။ ဒါပေမဲ့ ဘန်ဘာရာမြေပဲကတော့ ရေရှားပါးပြီး မြေဆီလွှာနည်းပါးတဲ့နေရာတွေမှာလည်း စိုက်ပျိုးဖြစ်ထွန်းသလို မြေဆီလွှာခန်းခြောက်နေတဲ့ စိုက်ပျိုးမြေတွေကိုလည်း မြေဆီလွှာ ပြည့်ဝလာစေလို့ အစားထိုးသီးနှံအဖြစ် စိုက်ပျိုးဖို့ သင့်တော်ပါတယ်။

ဂျီဒီယာနီနဲ့ သူ့ရဲ့သုတေသနအဖွဲ့ကလည်း ဘန်ဘာရာမြေပဲကို အခြေခံပြီး မုန့်ကြွပ်၊ ကိတ်မုန့်နဲ့ တို့ဖူးတွေ ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေပါတယ်။ ” အနာဂတ်ရဲ့ အဖြေဖြစ်တဲ့ သီးနှံမျိုးကိုတော့ လက်နှစ်ဖက်နဲ့ကို ကြိုဆိုသင့်ပါတယ်”လို့ ဂျီဒီယာနီက ဆိုပါတယ်။လက်ရှိအချိန်မှာတော့ လန်ဝေါ်နာနဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ ဇီဝဓာတုအင်ဂျင်နီယာ ပီတာချီသမ်တို့က WhatIF ကုမ္ပဏီကို သူတို့ကိုယ်ပိုင်ငွေကြေးနဲ့ လည်ပတ်နေပြီး မိတ်ဆွေတွေ၊ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ရန်ပုံငွေတွေ ရှာဖွေလျက်ရှိပါတယ်။ WhatIF ကုမ္ပဏီရဲ့လည်ပတ်နိုင်စွမ်း တိုးတက်လာစေဖို့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေကို ရှာဖွေနေတယ်လို့ လန်ဝေါ်နာက ဆိုပါတယ်။

WhatIF ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်အကုန်မှာ အနောက်အာဖရိကကနေ ဘန်ဘာရာမြေပဲတန်ချိန် ၁၀၀၀ ကို ကုန်ကြမ်းအဖြစ် အသုံးပြုဖို့ မှာယူထားပါတယ်။ အဲဒီမှာယူမှုဟာ စိုက်ပျိုးမြေဟက်တာဧက ၁၀၀၀ ကို မြေဆီလွှာကြွယ်ဝလာစေလိမ့်မယ်လို့ လန်ဝေါ်နာက ဆိုပါတယ်။ သူတို့ဟာ ဂါနာနိုင်ငံရဲ့ တောင်သူ ၁၆၀၀ နဲ့အတူ တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်နေပြီး နိုင်ဂျီးရီးယား၊ မလေးရှားနိုင်ငံက တောင်သူတွေနဲ့လည်း ဆက်ဆံရေး တည်ဆောက်ထားပါတယ်။

WhatIF ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို မလေးရှားနဲ့ သြစတြေးလျမှာရှိတဲ့ စက်ရုံတွေမှာ ထုတ်လုပ်ပြီး စင်ကာပူ၊ မလေးရှားနဲ့ သြစတြေးလျနိုင်ငံတွေမှာ ရောင်းချလျက်ရှိပါတယ်။ ဒီလအတွင်းမှာပဲ အွန်လိုင်းစတိုးတွေကနေတစ်ဆင့် အမေရိကန်နိုင်ငံမှာ စတင်ထိုးဖောက်နေပြီး ဥရောပသမဂ္ဂ စားသောက်ကုန်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ထံကနေလည်း ထောက်ခံချက်ရရှိဖို့ ကြိုးပမ်းနေပါတယ်။ အခုနှစ်နှောင်းပိုင်းမှာတော့ ထောက်ခံချက်ရဖို့ မျှော်မှန်းထားပါတယ်။

အနာဂတ်မှာတော့ ကုန်ကြမ်းထုတ်လုပ်တဲ့နေရာအနီးမှာ စက်ရုံတွေ တည်ထောင်ပြီး ဒေသအလိုက် ထုတ်လုပ်မှုတွေ လုပ်ဖို့၊ စားသုံးသူတွေနဲ့ ပိုနီးကပ်စေဖို့ ရည်ရွယ်ထားပါတယ်။ WhatIF ကုမ္ပဏီဟာ မကြာသေးခင်က BamNut နို့ကို စတင်ထုတ်လုပ်ခဲ့ပြီး သူတို့ရဲ့ ထုတ်ကုန်အမျိုးအစားကို တိုးချဲ့ခဲ့ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်၊ ဒိန်ခဲ အစရှိတဲ့ ထုတ်ကုန်တွေကိုလည်း အပင်ကရတဲ့ ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။
လန်ဝေါ်နာရဲ့ရည်မှန်းချက်ကတော့ ကမ္ဘာတစ်ဝန်းက တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေ မြေဆီလွှာ ပြန်လည်ပြည့်ဝစေဖို့၊ အာဟာရဓာတ်စုံလင်ပြီး စားနပ်ရိက္ခာ ဖူလုံတဲ့ အနာဂတ် ဖော်ဆောင်နိုင်ဖို့ ဘန်ဘာရာမြေပဲက ကူညီပေးနိုင်ရေးပါပဲ။

Ref: CNN ” This Singaporean startup has reinvented the instant noodle”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top