ပြန်လည်နိုးထလာတဲ့ မြန်မာ့ရိုးရာများနဲ့ ၂၀၁၈ ရန်ကုန်သင်္ကြန်

ရန်ကုန်သင်္ကြန်ဟာ လူတန်းစားတစ်ရပ်ဆီ ဦးတည်နေတာ အတော်ကြာပါပြီ။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဆိုတာဟာ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတွက်ဖြစ်ပြီး လူတန်းစား၊ ကျား/မ၊ အသက်ကြီးငယ်၊ လူမျိုးဘာသာ ခွဲခြားမှုတွေနဲ့ ဖြစ်တည်နေတာ မဟုတ်ပါဘူး။

အဓိကအားဖြင့် လမ်းလျှောက်သင်္ကြန်ဆိုတာကို ၂၀၁၈ သင်္ကြန်အတွက် ရန်ကုန်မြို့ရဲ့ တရားဝင် နေရာလေးနေရာမှာ ကျင်းပပြုလုပ်ခွင့်ပေးခဲ့သလို အခြားနေရာ တော်တော်များများမှာလည်း မဏ္ဍပ်အသေးတွေ၊ မြေစိုက်မဏ္ဍပ်တွေနဲ့အတူ လမ်းလျှောက်ရေပက်ခံထွက်သူများနဲ့ ရိုးရာအငွေ့အသက်များ ပြန်လည် ပေါ်ထွက်စပြုလာပါတယ်။

ဒီလိုမျိုး ပြုလုပ်ပေးလာတာကြာင့် တစ်ချို့ မိသားစုလိုက် ရေကစားလိုသူတွေ အသက်ကြီးသူတွေအတွက် အန္တရာယ်ကင်းကင်းနဲ့ အတော်လေး အဆင်ပြေတယ်လို့လဲ ပြောကြသလို တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး အပြန်အလှန် ရေပက်ကစားကြရင်း မြန်မာရိုးရာအတာသင်္ကြန်ရဲ့ အငွေ့အသက် အစစ်ကို ခံစားမိစေပါတယ်။

သင်္ကြန်ဆိုတာဟာ ကလပ်တစ်ခု၊ ပါတီပွဲတစ်ခု၊ ရှိုးပွဲတစ်ပွဲလို အဓိပ္ပာယ်မဟုတ်ပါဘူး။ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူတန်းစား၊ ဘာသာ၊ ဆင်းရဲချမ်းသာမရွေး အားလုံးကို ကိုယ်စားပြုနေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ရန်ကုန်သင်္ကြန်တွေမှာ မဏ္ဍပ်လက်မှတ် အနည်းဆုံး တစ်ရက် ၂ သောင်း ၃ သောင်းပေး မဆော့နိုင်တဲ့ သူတွေအတွက် သင်္ကြန်ရေ အနည်းငယ် စိုဖို့လောက်ကို မဏ္ဍပ်ကြီးတွေအောက် မျှော်နေရတဲ့ အဖြစ်မျိုးဖြစ်နေတာ ကြာပါပြီ။ အဲ့ဒီ မဏ္ဍပ်လက်မှတ်တွေက အမြင့်ဆုံးဈေး ၁၈ သိန်းလောက်ထိ ရှိနေတာ ဖြစ်ပါတယ်။

သင်္ကြန်တွင်း မဏ္ဍပ်ဆောက်လုပ်ခြင်းက ပြသာနာမဟုတ်ပါဘူး။ ဒါကေမဲ့ မဏ္ဍပ်တွေ အနောက်ဘက်မှာ လူတန်းစားတစ်ရပ် သီးသန့် က ဖို့ Dancing Floor ထည့်ဆောက်ခွင့်ပြုထားခြင်းကသာ ပြသာနာဖြစ်နေတာပါ။ သင်္ကြန်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ရေပက်ခြင်း၊ သင်္ကြန်သီချင်းများနဲ့ မြူးထူးပျော်ပါးကြတာ ဖြစ်ပါတယ်။

မဏ္ဍပ်အနောက်ဘက်မှာ လုပ်ထားတဲ့ နေရာတွေဟာ သီးသန့်အခန်းငယ်တစ်ခုလိုမျိုးနေရာယူထားခြင်းမျိုးဖြစ်နေပြီး အမှန်စင်စစ်အားဖြင့် ကလပ်တစ်ခု၊ ရှိုးပွဲတစ်ခု၊ ပါတီပွဲတစ်ခု သဏ္ဍာန်မျိုးဖြစ်နေကာ သင်္ကြန်ရေပက်ခြင်း ဆိုတာထက် ရေပန်းများဖွင့်ထားရင်း လူတစ်စု ‘က’ နေကြတာမျိုး ဖြစ်နေပါတယ်။

အခုလို သီချင်းတွေဖွင့် ရေပန်းအောက်မှာ ‘က’ တာမျိုးကို သင်္ကြန်အချိန်အခါမှာသာ လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ ယခုခေတ်မှာ ခေတ်စားနေတဲ့ EDM ဂီတပွဲတွေထဲက Waterzonic လို နေရာတစ်နေရာမှာ ပွဲစီစဉ်သူတွေက DJ တီးခတ်သူတွေနဲ့ ကျင်းပတဲ့ပွဲတွေရှိနေပြီး ဒီလိုပွဲတွေကို ဘယ်အချိန်ဖြစ်ဖြစ် လုပ်လို့ရနေတာမို့ ဒါဟာ ရိုးရာသင်္ကြန်ကျင်းပပုံနဲ့တော့ အဓိပ္ပာယ် လုံးဝကွဲပြားနေပါတယ်။ သင်္ကြန်နဲ့ အဓိပ္ပာယ်ချင်း မတူတဲ့ ဂီတဖျော်ဖြေပွဲ ဆန်ဆန်တွေကို တခြားအချိန်တွေမှာသာ လုပ်စေချင်ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့ ယဉ်ကျေးမှုနဲ့ ရောထွေးမပစ်သင့်ပါဘူး။

၂၀၁၈ မှာ ရန်ကုန်သင်္ကြန်အပြင် မြန်မာနိုင်ငံနေရာအသီးသီးက မြို့တော်တော်များများမှာ လမ်းလျှောက်သင်္ကြန်များနဲ့အတူ ရိုးရာအငွေ့အသက် တော်တော်များများကို ပြန်လည်ခံစားလာရတာဟာ တကယ်ကို ကောင်းမွန်ပြည့်စုံဖို့ ဦးတည်နေပြီး နောင်နှစ် နောင်နှစ်တွေမှာ ဒီထက်ပိုပြီး ဖော်ဆောင်နိုင်ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top