ဖြိုဖျက်ခံရမယ့် ရွာငယ်လေးကို အနုပညာနဲ့ ကယ်တင်ခဲ့သူ

19-2-2022-yyl13.jpg

လွန်ခဲ့တဲ့ ၁၄ နှစ်မှာ ထိုင်ဝမ်ကျွန်းပေါ်က တိုင်ချွန်းမြို့မှာရှိတဲ့ ချိုင်ဟွန်စစ်မှုထမ်းဟောင်းရွာဟာ နေထိုင်သူ မရှိသလောက်ဖြစ်နေလို့ အာဏာပိုင်တွေက ရွာကို ဖြိုဖျက်ဖို့ စီစဉ်ခဲ့တာပါ။ အဲဒီရွာမှာ ၈၄ နှစ်အရွယ် စစ်မှုထမ်းဟောင်း အဘိုးအို ဟောင်ယွမ်ဖူတို့ ဇနီးမောင်နှံ နေထိုင်ပါတယ်။ ရွာကို ဖြိုဖျက်မယ့်အကြောင်း သိသွားချိန်မှာ ဟောင်ယွမ်ဖူက အိမ်နံရံတွေ၊ လမ်းတွေမှာ တိရစ္ဆာန်ပုံ၊ လူပုံ နံရံပန်းချီတွေ ရေးဆွဲခဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့ရွာလေးကို အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။

အရောင်အသွေးစုံလင်တဲ့ နံရံပန်းချီတွေကြောင့် သက်တန့်ရွာလို့ နာမည်ကျော်ကြားလာတဲ့ ချိုင်ဟွန်ရွာကို ၂၀၁၀ ပြည့်နှစ်မှာတော့ လင်တုံနဲ့ ဟွန်ကောင်းတက္ကသိုလ်တွေက ပါမောက္ခတွေနဲ့ ကျောင်းသားတွေဟာ ရွာကို အလည်အပတ် ရောက်ရှိလာကြပါတယ်။ ချားလက်စ်ချိုင်လို့ အမည်ရတဲ့ကျောင်းသားတစ်ယောက်က ချိုင်ဟွန်ရွာ ဖြိုဖျက်မခံရရေး လှုပ်ရှားပေးဖို့အတွက် အဲဒီလေ့လာရေးခရီးကို စီစဉ်ခဲ့တာပါ။ အဲဒီခရီးစဉ်မှာ ကျောင်းသားတွေနဲ့ ပါမောက္ခတွေက အရောင်အသွေးစုံလင်ပြီး ချစ်စဖွယ်ပန်းချီလက်ရာတွေကို သဘောကျသွားခဲ့ပါတယ်။

အဲဒီသတင်း ပျံ့နှံ့သွားချိန်မှာ အဘိုးအို ဟောင်ယွမ်ဖူကလည်း သက်တန့်ဘိုးဘိုးလို့ နာမည်ကျော်လာခဲ့ပါတယ်။ သက်တန့်ရွာကို ကယ်တင်ရေးလှုပ်ရှားမှု (Save Rainbow Village) အောင်မြင်သွားခဲ့လို့ တိုင်ချွန်းမြို့အာဏာပိုင်တွေကလည်း ရွာကိုဖျက်ပစ်မယ့်အစီအစဉ်ကို လက်လျှော့လိုက်ကြပါတယ်။ အခုချိန်မှာတော့ အဲဒီရွာငယ်လေးက နိုင်ငံတကာခရီးသည်တွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ လူမှုကွန်ရက် အသုံးပြုသူတွေကလည်း သက်တန့်ရွာကို လာရောက်ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာ ပုံတွေ တင်နေကြပါတယ်။

ရွာကို ပြုပြင်ထိန်းသိမ်းရမယ့် စရိတ်ရှာဖွေဖို့အတွက် ထိုင်ဝမ်အစိုးရက သက်တန့်ယဉ်ကျေးမှုနဲ့ ဖန်တီးမှုအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ခရီးသည်တွေ ပိုမိုလာရောက်ရေး၊ နံရံပန်းချီတွေ ပြင်ဆင်ဖို့၊ အသစ်ထပ်မံရေးဆွဲဖို့ ထောက်ပံ့ကူညီပေးနေပါတယ်။

Ref: Good News “Rainbow Village: 84-Year-Old Saves Neighborhood From Bulldozer By Painting Every Street With Joyful Colors”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top