မိုးကြီးရေလျှံပြီး လူ ၄၃ ဦးသေဆုံးခဲ့လို့ အင်ဒိုနီးရှားနိုင်ငံမှာ တိမ်ဖမ်းဖို့ လုပ်ဆောင်နေ

yyl-038.jpg

စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက မိုးထပ်မရွာအောင် ဂျာကာတာမြို့ပေါ်မှာ တိမ်ဖမ်းဖို့(Cloud Seeding)လုပ်ဆောင်နေပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့အထိ မှတ်တမ်းတွေအရ ဂျာကာတာမြို့နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ သေဆုံးသူ ၄၃ ဦးအထိ မြင့်တက်လာခဲ့ပြီး အိုးအိမ်စွန့်ခွာရသူ သောင်းချီရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန ္တရာယ် သက်သာလျော့ပါးစေရေးအေဂျင်စီက ပြောပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နဲ့ နှစ်သစ်ကူးနေ့ အစောပိုင်းအချိန်တွေမှာ မိုးသည်းသည်းမဲမဲ ရွာသွန်းခဲ့လို့ လူဦးရေသန်း ၃၀ နေထိုင်တဲ့ ဂျာကာတာမြို့နဲ့ အနီးပတ်ဝန်းကျင်က မြို့တွေ ရေဖုံးလွှမ်းခဲ့ပါတယ်။

ဒါဟာ မိုးရေချိန်မှတ်တမ်းတွေကို စတင်မှတ်သားခဲ့တဲ့ ၁၈၆၆ ခုနှစ်နောက်ပိုင်း အသည်းထန်ဆုံး မိုးရွာသွန်းမှုတစ်ခု ဖြစ်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုဗေဒနဲ့ ဘူမိရူပဗေဒအေဂျင်စီ(BMKG)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ရာသီဥတု ဆိုးရွားနိုင်ခြေ မြင့်တက်လာတယ်လို့ BMKG က ပြောပါတယ်။ နောက်ထပ်မိုးရွာသွန်းနိုင်ခြေရှိလို့ ဆန်ဒါရေလက်ကြားပေါ်က ကောင်းကင်ယံမှာ မိုးရွာသွန်းစေနိုင်တဲ့ တိမ်တွေကို ပစ်ခွဲဖို့ လေယာဉ်ငယ် နှစ်စင်းကို အသင့်ပြင်ဆင်ထားပြီး လေယာဉ်ကြီးတစ်စင်းကိုလည်း အသင့်စောင့်ခိုင်းထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံ နည်းပညာအေဂျင်စီ BPPT က ဆိုပါတယ်။

” ဂျာကာတာမြို့နဲ့ အနီးပတ်ဝန်းကျင်မြို့တွေ (ဂရိတ်တားဂျာကာတာ)ဆီ ဦးတည်ရွေ့လျားနေပြီး မိုးရွာသွန်းနိုင်ဖွယ်ရှိတဲ့ တိမ်အားလုံးကို ဆိုဒီယမ်ကလိုရိုက်(NaCl)နဲ့ ပစ်ခွဲပါမယ်။ ဂရိတ်တားဂျာကာတာဒေသဆီ ရောက်မလာမီ တိမ်တွေကို ပစ်ခွဲနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ BPPT က ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပူပြင်းခြောက်သွေ့တဲ့ရာသီတွေဆိုရင် တောမီးလောင်ကျွမ်းမှုတွေကို ငြိှမ်းသတ်နိုင်ဖို့အတွက် တိမ်ဖမ်းခြင်းနည်းစနစ်(သို့)မိုးရွာအောင် တိမ်ထဲကို ဆေးလ်ဗားအိုင်အိုဒိုက် ပစ်လွှတ်မှုနည်းလမ်း မကြာခဏအသုံးပြုလေ့ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top