မက္ကဆီကိုနိုင်ငံမှာ အကျဉ်းထောင်ဆူပူအုံကြွမှုဖြစ်လို့ အနည်းဆုံး လူ ၁၆ ယောက် သေဆုံး

5-1.jpg

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းက အကျဉ်းထောင်တစ်ခုမှာ ဆူပူအုံကြွမှု ဖြစ်ပွားလို့ အနည်းဆုံး လူ ၁၆ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်က ဇာကာတီကက်စ်ပြည်နယ်၊ ဆီနီဂွာလက်စ်မြို့က အကျဉ်းထောင်မှာ ဆူပူအုံကြွမှုဖြစ်ပွားခဲ့ပြီး (၂)နာရီခွဲ ကြာမြင့်ခဲ့ပါတယ်။

အကျဉ်းသားတွေက ပစ္စတိုတွေ၊ ဓားတွေကိုင်ပြီး အပြန်အလှန်တိုက်ခိုက်ခဲ့ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံက အကျဉ်းထောင်တွေဟာ အကျဉ်းသားများပြားပြီး မူးယစ်ဆေးဝါးဂိုဏ်းတွေက လွှမ်းမိုးထားလို့ ဆူပူအုံကြွမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ အခုဖြစ်ရပ်မှာ အကျဉ်းသား(၁၅)ယောက်က ထောင်ထဲမှာ သေဆုံးခဲ့ပြီး နောက်တစ်ယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားတာပါ။

အကျဉ်းသားတစ်ယောက်ကတော့ အဖမ်းခံရချိန်အထိ လက်ထဲမှာ သေနတ်ကိုင်ထားခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်းရှာဖွေမှု ပြုလုပ်ရာမှာ ထောင်ထဲကနေ နောက်ထပ် ပစ္စတိုသေနတ် ၃ လက်နဲ့ ဓားတွေ တွေ့ရှိခဲ့ပါတယ်။ အကျဉ်းထောင်ဆူပူအုံကြွတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ထောင်ထဲကို လက်နက်တွေ ဘယ်လိုရောက်လာလဲ၊ ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာကို စစ်ဆေးဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top