ပိုက်ဆံကို ဘဝရဲ့ အချိန်နာရီတွေလို သဘောထားပြီး အသုံးအဖြုန်းလျှော့ပါ

42640679_1178799572271787_5829244263988199424_n.jpg

အိမ်တစ်အိမ်မှာ ဘယ်လိုပဲ ချွေတာသုံးတယ် ပြောပြော အချိန်တန်ရင်တော့ ယိုပေါက်လေးတွေ ရှိကြစမြဲပါ။ လမကုန်ခင် လစာအရင်ကုန်သွားတာမျိုး၊ လစာရပြီး နောက်တစ်နေ့ လက်ထဲမှာ ကျန်တော့တာဆိုလို့ သားရေကွင်းပဲ ရှိတာမျိုး ဒီလိုအဖြစ်တွေ မရှိရလေအောင် အသုံးအဖြုန်းလျှော့ရပါမယ်။

အထူးသဖြင့် ဒေါ်လာဈေး ၊ရွှေဈေး၊ ဆီဈေးတွေခုန်တက်ပြီး လစာက အောက်ထစ်မှာ ကျန်နေတဲ့ ခုလိုကာလမှာ နေရာတကာ လက်မဖွာမိဖို့က အရေးကြီးပါတယ်။

ဆိုကြပါစို့။ တစ်လ လစာ သုံးသိန်း ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ တစ်ရက်လုပ်အားခက ၁၀၀၀၀ ဆိုရင် ရန်ကုန်မြို့ အတိုင်းအတာနဲ့ မိသားစုတစ်စုလုံးစာ နေထိုင်ရပ်တည်ဖို့က သိပ်တော့ မလွယ်လှပါဘူး။ သာရေး၊ နာရေး၊ လူမှုရေးတွေနဲ့ အထွေထွေ အသုံးစရိတ်ပါ ထည့်ပေါင်းလိုက်မယ်ဆိုရင်တော့ ပြတ်တုန်းလပ်တုန်း ၂၃ တွေချည်းပဲ ဖြစ်နေမှာပါ။

တစ်ချို့ ကုမ္ပဏီတွေမှာဆိုရင် လစာတွက်တဲ့အခါ ပိတ်ရက်တွေကို ဖယ်ပစ်ပြီး ကျန်တဲ့ရက်နဲ့ လစာကို စားပြီး တွက်ကြတာဆိုတော့ ပိတ်ရက်များတဲ့ လမှာ ခွင့်ယူမိရင် ထိုင်ငိုနေရမှာပါ။ လကုန်ပြီး ၅ ရက်နေ့မှ လစာပေးတဲ့ ကုမ္ပဏီမျိုးကိုလည်း ကြုံဖူးပါတယ်။ သူများကုမ္ပဏီတွေက လမကုန်ခင် လစာကြိုပြီး ထုတ်လို့ရတဲ့အချိန်မှာတောင် သူတို့ကတော့ လကုန်ပြီးလို့ နောက်ထပ် ၅ ရက်တောင် အစွန်းထွက် ယူပါသေးတယ်။

ဒီလို ကုမ္ပဏီတွေမှာ အလုပ်လုပ်မိပြီဆိုရင်တော့ အသုံးအဖြုန်း လက်မဖွာမိစေဖို့ အထူး ဂရုပြုရပါမယ်။ ဒီတော့ ကိုယ့်ရဲ့ လုပ်အားခတွေကို ကိုယ့်ဘဝ အချိန်နာရီတွေလို တန်ဖိုးထားရပါမယ်။ တစ်နာရီစာ လုပ်အားခ ၂၀၀၀ ရတယ်ဆိုရင် ပိုက်ဆံ ၂၀၀၀ ကို မလိုအပ်ဘဲ ဖြုန်းလိုက်တာက ကိုယ့်ရဲ့ တစ်နာရီစာ ကိုယ်စွမ်းဉာဏ်စွမ်းကို ဖြုန်းတီးလိုက်သလိုပါပဲ။ ၄ နာရီစာနှုန်း ပိုက်ဆံ ကိုဖြုန်းပစ်လိုက်တယ်ဆိုရင် ကိုယ်ပေးဆပ်ရင်းနှီးထားခဲ့ရတဲ့ အချိန် ၄ နာရီ ကို ဖြုန်းတီးလိုက်တာပါ။ ဒီအချိန်တွေကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ စွဲမြဲထားမယ်ဆိုရင်တော့ အသုံးအဖြုန်းကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

Ref:Curiosity “To avoid overspending, Think of Money as Hours of your life”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top