မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်နွယ်နေတဲ့ အက်ပါလ်ကိုမြို့ စည်ပင်ရဲ ဌာနကို စစ်ဆေးမှု ပြုလုပ်

103584940_a69d85c8-a0d0-4138-9611-b8774eb77ef1.jpg

မက္ကဆီကိုရေတပ်အင်အားစုဟာ အက်ပါလ်ကိုမြို့ စည်ပင်ရဲဌာနကို ဝန်းရံပိတ်ဆို့ခဲ့ပြီး အရာရှိ ၇၀၀ ခန့်ဆီက လက်နက်သိမ်းယူခဲ့ပြီး ပြည်နယ်ရဲနဲ့ စစ်တပ်က လတ်တလောမှာ မြို့ကို ထိန်းချုပ်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ အက်ပါလ်ကိုမြို့ဟာ ၁၉၅၀-၆၀ ခုနှစ် အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ လူသတ်မှု ဖြစ်ပွားနှုန်းတွေ မြင့်တက်နေခဲ့တာပါ။

ပြီးခဲ့တဲ့ အဂါၤနေ့က ရေတပ်နဲ့ ပြည်နယ်ရဲတွေဟာ ကြီးမားတဲ့စစ်ဆင်ရေးအဖြစ် တပ်ဖြန့်ခဲ့ကြပါတယ်။ သူတို့ဟာ စည်ပင်ရဲဌာနကို ဝန်းရံထားပြီး ကန့်သတ်နယ်မြေအဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီနောက် စခန်းထဲကိုဝင်ရောက်ကာ အရာရှိ ရာပေါင်းများစွာကို ထိန်းသိမ်းပြီး သူတို့ရဲ့ လက်နက်ခဲယမ်းတွေ၊ ကျည်ကာဝတ်စုံတွေ၊ စကားပြောစက်တွေကို သိမ်းယူခဲ့ပါတယ်။ ရဲမှူးကြီး ၂ ယောက်ကိုလည်း လူသတ်မှုအတွက် မသင်္ကာတာကြောင့် ဖမ်းဆီးခဲ့ပါတယ်။ အရာရှိတွေ အကုန်လုံးဟာလည်း စစ်ကြောခံရတော့မှာဖြစ်ပါတယ်။

စည်ပင်ရဲဌာန တစ်ခုလုံးနဲ့ ခေါင်းဆောင်ဖြစ်သူ မက်စ်လော်ရန်ဇို ဆီဒါနို (Max Lorenzo Sedano) ကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အရာရှိ အကုန်လုံးဟာလည်း စစ်ကြောရေးဝင်ရမှာ ဖြစ်ပြီး အဆက်အသွယ်ရှိနေတဲ့ ဂိုဏ်းတွေအကြောင်းကို သေချာ စစ်ဆေးမေးမြန်းမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီမြို့မှာ လူသတ်မှု ဖြစ်ပွားနှုန်းဟာ အယောက် ၁ သိန်းကို ၁၀၆ ယောက်နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။ နှိူင်းယှဉ်ပြီး ပြောရရင် လန်ဒန်မြို့မှာက လူသတ်မှု ဖြစ်ပွားနှုန်းအယောက် ၁ သိန်းကို ၁.၄၅ ယောက်(တစ်ယောက် ကျော်ကျော်လေးသာ) နှုန်းသာရှိနေတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အမေရိကန်အစိုးရက အစိုးရဝန်ထမ်းတွေကို အက်ပါလ်ကိုမြို့ဆီ လာရောက်လည်ပတ်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဇူလိုင်လမှာတော့ Bimbo (အမေရိကန်၏ အကြီးဆုံး မုန့်ဖုတ်လုပ်ငန်း) ဟာ အက်ပါလ်ကို မြို့ကို ထုတ်ကုန်တွေ ပေးပို့နေတာကို ရပ်တန့်လိုက်ပါတယ်။

နယ်ခံမီဒီယာတွေက မြို့တော်ဝန်အသစ် မတက်ခင် ၅ ရက်လောက်မှာ ဒီကိစ္စတွေကို ထောက်ပြပါသေးတယ်။ မြို့တော်ဝန်အသစ် ရိုမန် (Roman) ကတော့ လုံခြုံရေးခေါင်းဆောင် အသစ်အဖြစ် အော်တစ်စ် (Ortiz) ကို ခန့်အပ်သွားမှာ ဖြစ်ပြီး သူဟာ အကြမ်းဖက်မှုတွေကို ထိရောက်စွာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်သွားမှာဖြစ်တယ် လို့ ဆိုပါတယ်။ လောလောဆယ် ထိန်းသိမ်းခံထားရတဲ့ စည်ပင်ရဲတွေနဲ့ အရာရှိတွေကို လူ့အခွင့်အရေးအကြောင်း သေချာနားလည်အောင် လေ့ကျင့်ပေးပြီး ပြန်လည် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

မက္ကဆီကိုဟာ ရာဇဝတ်မှုနှုန်းတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေဟာ စံချိန်တင် မြင့်တက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပေမဲ့ တစ်ချို့ဒေသတွေမှာ တော်တော်လေးအေးချမ်းနေတာတွေ ရှိပါတယ်။ အက်ပါလ်ကိုမြို့ကတော့ အကြမ်းဖက်မှု အများဆုံး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု အများဆုံးအဖြစ် ရှိနေတာပါ။ မက္ကဆီကိုရဲ့ အင်အားအနည်းဆုံ ၊ ပျော့ညံ့မှု အဖြစ်ဆုံးက စည်ပင်ရဲဌာန ဖြစ်ပြီးတော့ လေ့ကျင့်ပေးမှုအားနည်းတာ၊ ဝင်ငွေ နည်းပါးတာတွေကြောင့် ဒုစရိုက်ဂိုဏ်း တွေရဲ့ ဖျားယောင်း အယုံသွင်းခြင်းကို ခံရတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ပြည်နယ်ရဲတွေနဲ့ စစ်သားတွေက ရဲဘက်ဆိုင်ရာလုပ်ငန်းတွေ ကို ဝင်လုပ်ပေးနေရပြီး သူတို့ကို ရဲတာဝန်တွေလုပ်ကိုင်ဖို့ လေ့ကျင့်ပေးထားတာမဟုတ်လို့ အဆင်မပြေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Ref: bbc ”Acapulco police under investigation over alleged drug gang links”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top