နှစ်သစ်ကူးအကြိုညလေးကို မိသားစုနဲ့ ဘယ်လိုဖြတ်သန်းမလဲ

New-Year-2.jpeg

မကြာခင်မှာ ၂၀၁၉ ခုနှစ်ကို ရောက်ရှိတော့မှာပါ။ ရိုးရာလေး ပရိသတ်တွေအနေနဲ့ရော၂၀၁၈ ရဲ့ နောက်ဆုံး နေ့ရက်ကို ဘယ်လို ဖြတ်သန်းဖို့ စဉ်းစားထားသလဲ။ New Year အတွက် ပိတ်ရက်လည်း ရှိတဲ့အတွက် ခရီးသွားမယ့်သူတွေလည်းများနေမယ်ထင်ပါတယ်။ အခု ပြောပြမယ့် အကြောင်းအရာလေးကတော့ ခရီးလည်း မသွား၊ အပြင်လည်း မထွက်ဘဲ မိသားစုနဲ့ အတူတူ New year Eve ညလေးကို ဖြတ်သန်းမယ့်သူတွေအတွက် ပျော်စရာ နည်းလမ်းလေးတွေ ပြောပြပေးချင်တာပါ။

၁။ မိသားစုနဲ့အတူတူ ပျော်ပျော်ပါးပါး စားသောက်ဖို့ အစားအသောက်တွေ ပြင်ဆင်ကြမယ်

အစားအသောက်က နွေးထွေးရင်းနှီးမှုကို ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ် အလုပ်တွေများပြီး နွေးနွေးထွေးထွေး ထမင်းအတူ မစားဖြစ်တဲ့ အချိန်တွေ ရှိမှာပါ။ ထမင်း တူတူ မစားဖြစ်ခဲ့တဲ့ အချိန်တွေအတွက် အတိုးချပြီး ဒီလို ညမှာ ပျော်ရွှင်လိုက်ပါ။ အပြင်ဆိုင်တွေမှာ သွားစားတာကလည်း အလုပ်ရှုပ်သက်သာပေမယ့် အိမ်မှာပဲ တခုခု လုပ်စားကြည့်ဖို့ အားပေးချင်ပါတယ်။ အသားကင်စားတာမျိုး၊ ဟော့ပေါ့လုပ်စားတာမျိုးက လက်ရှိမှာတော့ ခေတ်စားနေတဲ့အစားအသောက်တွေပါပဲ။ ကော့တေးတွေကိုလည်း အိမ်မှာ ကိုယ်တိုင် စမ်းသပ် စပ်ကြည့်ပြီးတော့ စိတ်ကြိုက်သောက်လို့ရပါသေးတယ်။

၂။ ပျော်စရာ ဂိမ်း အစီအစဉ်လေးတွေနဲ့ အချိန်ဖြုန်းပါ

New Year အကြိုညကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ့် နောက်ထပ် နည်းလမ်း တစ်ခုကတော့ ဂိမ်းတွေပါ။ အခု ပြောချင်တဲ့ ဂိမ်းတွေက ဖုန်းတွေ၊ ကွန်ပျူတာတွေထဲက ဗီဒီယိုဂိမ်းတွေမဟုတ်ပါဘူး။ အပြင်မှာ တကယ်ဆော့ရတဲ့ ဂိမ်းတွေကို ဆိုလိုတာပါ။ Card ဂိမ်းတွေ Board ဂိမ်းတွေက အစ၊ တကယ် အားထုတ်ပြီးကစားရတဲ့ ကစားနည်း တွေအထိ ပျော်ရွှင်စရာ မိသားစု အချိန်လေးကို ပေးနိုင်မှာပါ။

၃။ ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုကြပါ

ဒါကတော့ အားလုံးလည်း မိသားစုနဲ့ အချိန်ဖြုန်းတဲ့ အချိန်တွေမှာ လုပ်ဖြစ်ကြမယ်ထင်ပါတယ်။ ကာရာအိုကေ ဆိုတာပဲ ဖြစ်ဖြစ်၊ ဂစ်တာလေးတီးပြီး သီချင်း ဆိုကြတာပဲ ဖြစ်ဖြစ် တကယ်ကို နွေးနွေးထွေးထွေးပျော်ရွှင်စရာပါပဲ။ အခုဆိုရင် ရာသီဥတုကလည်း အေးချမ်းနေတာမို့ မီးပုံပွဲလေးနဲ့ ဂစ်တာဝိုင်းလေးနဲ့ဆိုရင်တော့ တကယ့်ကို ပျော်စရာ နှစ်သစ်ကူး အကြိုည ဖြစ်နေမှာပါပဲ။

၄။ မိသားစုနဲ့ အတူတူ ရုပ်ရှင်ကြည့်ပြီး အချိန်ဖြုန်းပါ

အကောင်းဆုံး အတူတူ အချိန်ဖြုန်းတဲ့ နည်းလမ်းကတော့ ရုပ်ရှင်ကြည့်တာပါပဲ။ ပျော်စရာ မိသားစုကားလေးတွေ၊ ရယ်ရမယ့် ဟာသကားလေးတွေက တကယ်ကို အပန်းပြေစေမှာပါ။ အခုခေတ်မှာဆိုရင်တော့ ရုပ်ရှင်တွေကို အွန်လိုင်းကနေ အလွယ်တကူ download ဆွဲလို့ရနေတာကလည်း တစ်ပန်းသာတာပါပဲ။ Data ကိုတော့ ဈေးသက်သက်သာသာနဲ့ ရနေပြီမို့ New Year Eve မှာ မိသားစု စိတ်ကြိုက်ရုပ်ရှင်တွေ Download ဆွဲပြီး ကြည့်လို့ရနိုင်ပြီပေါ့။

၅။ New Year Countdown အိတ်လေးတွေနဲ့ New Year ကို အမိုက်စား ကြိုပါ

မိသားစုလေးနဲ့ အမှတ်တရ New Year Eve လေး ဖြစ်သွားအောင် New Year Countdown အိတ်လေးတွေလုပ်လို့ရပါတယ်။ ဥပမာ- ညဆယ်နာရီ၊ ညဆယ့်တစ်နာရီ၊ ညဆယ့်နာရီ ဆိုပြီး စက္ကူအိတ်လေးတွေ လုပ်ထားမယ်။ အိတ်ထဲမှာတော့ အစီအစဉ်ကို စာရွက်လေးနဲ့ ရေးထားမယ်။ ရေးထားတဲ့ အချိန်ကို ရောက်ရင်တော့ စာအိတ်လေးကို ဖွင့်ကြည့်ပြီး အထဲမှာ ရေးထားတဲ့အတိုင်း မိသားစုတွေက လိုက်လုပ်ကြမယ်။ ဂိမ်းအစီအစဉ်လေးတွေလည်း ရေးထားလို့ရသလို၊ ပြောချင်တဲ့ စကားလေးတွေလည်း တစ်ယောက်စီရေးထားပြီး ဖွင့်ဖတ်ကြည့်လို့ရမယ်။ ဒါမှမဟုတ် လက်ဆောင်ပစ္စည်းလေးတွေ ထည့်ထားချင်တယ်ဆိုရင်လည်း ထည့်ထားပြီး သူ့အချိန်နဲ့ သူ ဖွင့်ကြည့်ကြမယ်။ တကယ်ကို အမှတ်တရဖြစ်မယ့် New Year Eve အစီအစဉ်လေး ဖြစ်မယ်ထင်ပါတယ်။

၆။ ပျော်ပျော်ရွှင်ရွှင် New Year Countdown လုပ်ကြမယ်

ကဲ… အဓိက အပိုင်းကိုတော့ ရောက်လာပါပြီ။ ဒီအပိုင်းရောက်ဖို့ ရှေ့မှာ အမျိုးမျိုး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပြီးပြီမဟုတ်လား။ Countdown လုပ်ရင်း 2019 ကို ကြိုဆိုလိုက်ကြရအောင်။ အများအားဖြင့် ည ဆယ့်နှစ်နာရီ မထိုးခင် ဆယ်စက္ကန့် ကနေ စပြီး Countdown ရေတွက်ကာ နှစ်သစ်ကို ကြိုဆိုလေ့ရှိပါတယ်။ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ပူပင်သောကတွေကို မေ့ပြီး နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်စေဖို့ “Happy New Year” ဆိုပြီး မိသားစုနဲ့ အတူတူ ကြိုဆိုလိုက်မယ်ဆိုရင်တော့ တကယ်ကို ပြည့်စုံတဲ့ New Year Eve လေး တစ်ခု ဖြစ်သွားမှာပါ။ ရိုးရာလေး ပရိသတ်တွေလည်း ပျော်စရာ နှစ်သစ်ကူးအကြိုညလေးကို မိသားစုနဲ့ အတူတူ ဖြတ်သန်းနိုင်စေဖို့ ဆုတောင်းပေးလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top