တွမ်ခရုစ်နဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင်မင်းသမီးတို့ တွဲနေတယ်လို့ သတင်းထွက်ရှိ

18-12-2020-yyl27.jpg

အသက် (၅၈) နှစ်အရွယ် မင်းသားကြီး တွမ်ခရုစ်က သူ့နဲ့အသက် (၂၀) ကွာတဲ့ မင်းသမီး ဟေးလေ အက်ဝဲလ် (Hayley Atwell) တို့တွဲနေတယ်ဆိုတဲ့သတင်းကို The Sun က ဖော်ပြပါတယ်။ မင်းသမီး ဟေးလေ အက်ဝဲလ်က Mission Impossible (၇) ကားမြောက်မှာ တွမ်ခရုစ်နဲ့အတူ တွဲဖက်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ လန်ဒန်မြို့ရဲ့ဇာတ်ကားရိုက်ကွင်းမှာ သူတို့ (၂) ဦး လက်ချင်းတွဲထားတာကို မြင်တွေ့ခဲ့ပြီး မကြာခင်မှာ သူတို့ရဲ့ဆက်ဆံရေးကို ပရိသတ်တွေရှေ့ထုတ်ပြတော့မယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။

ဒီသတင်းကတော့ ရုပ်ရှင်အဖွဲ့သားတွေကို ကိုဗစ်စည်းမျဉ်းမလိုက်နာလို့ တွမ်ခရုစ် အော်ငေါက်နေတဲ့ အသံဖိုင် ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်မှာ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရောမမြို့နဲ့ UK တို့မှာ Mission Impossible ဇာတ်ကားအသစ်ရဲ့ဇာတ်ဝင်ခန်းတွေ အတူတူရိုက်ကူးရင်းနဲ့ သူတို့ (၂) ဦးဟာ ပိုပြီး ရင်းနှီးလာခဲ့တာပါ။ တွမ်ခရုစ်ကလည်း ဇနီးဟောင်း ကေတီဟုမ်း (Katie Holmes) နဲ့ပြတ်ဆဲပြီးကတည်းက ရေရှည်လက်တွဲနေတဲ့လက်တွဲဖော်မရှိသေးပါဘူး။

မနေ့ကတော့ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရင်းနှီးတဲ့ Source တစ်ခုက “တွမ်နဲ့ ဟေးလေတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ရင်းနှီးနေကြပါတယ်။ Lockdown နဲ့ အဲဒီကနေ ကြုံတွေ့ရတဲ့ အခက်အခဲတွေအားလုံးက သူတို့ကိုတောင် ပိုပြီး ရင်းနှီးလာစေခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာနိုင်ဖြစ်လာခဲ့တယ်။ နာရီတော်တော်ကြာ သူတို့တွေ့ဆုံခဲ့ကြတယ်။ သူတို့နှစ်ယောက်လုံး အရမ်းပျော်နေကြပုံပါပဲ” လို့ ပြောပါတယ်။

ပါပါရာဇီတွေရဲ့ပုံတွေကတော့ တွမ်နဲ့ဟေးလေတို့ လက်ကိုင်ထားတာကို ပြနေတာပါ။ ဇာတ်ကားအသစ်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာလည်း ဟေးလေနဲ့ တွမ်တို့ (၂) ဦးအတူတူ လက်ထိပ်ခတ်ထားရင်းနဲ့ လက်ချင်းတွဲနေကြတာ တွေ့ရပါတယ်။ ပါပါရာဇီတွေက အဲဒီမြင်ကွင်းကိုပဲ သို့လောသို့လောဖြစ်အောင် လုပ်ခဲ့တာလားဆိုတာကတော့ စဉ်းစားစရာပါပဲ။ ဟေးလေရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို The Sun က ဆက်သွယ်မေးမြန်းတော့ လက်ခံဖြေကြားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

မင်းသားကြီးတွမ်ခရုစ်ရဲ့ပထမအိမ်ထောင်ကတော့ မီမီ ရိုဂျာစ်ဖြစ်ပြီး ၁၉၉၀ခုနှစ်မှာ ကွာရှင်းခဲ့တာပါ။ အဲဒီနောက် မင်းသမီးနီကိုးလ်ကစ်မင်းန် (Nicole Kidman) နဲ့ ၁၉၉၀ခုနှစ်မှာ လက်ထပ်ပြီး၂၀၀၁ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ မင်းသမီး ကေတီဟုမ်းနဲ့ကတော့ ၂၀၁၂ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ မင်းသမီးဟေးလေကလည်း မော်ဒယ်အီဗန် ဂျုန်းစ်နဲ့ (၂) နှစ်ကြာတွဲခဲ့ပြီး ၂၀၁၅ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။ နောက်ဆုံးတွဲခဲ့တာကတော့ ဆရာဝန်တစ်ယောက်နဲ့ဖြစ်ပြီး အခုနှစ်အစောပိုင်းကမှ လမ်းခွဲခဲ့ကြပါတယ်။

Ref: The Sun “Tom Cruise is secretly dating British Mission: Impossible co-star Hayley Atwell – 20 years his junior”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top