ကပ်ရောဂါအတွင်း (၈) နာရီလောက်မြင်းစီးပြီး ရွာကကလေးတွေကို စာလိုက်သင်ပေးနေတဲ့ဆရာမတစ်ဦး

18-12-2020-yyl22.jpg

Sara Cruz Alvayay ဆိုတဲ့ ရွာကျောင်းလေးတစ်ကျောင်းက စီစီလီယား ဂါတီကာ (Cicilia Gatica) အမည်ရတဲ့ ဆရာမတစ်ဦးကဆိုရင် ကပ်ရောဂါအတွင်းမှာ သူ့ရဲ့ကျောင်းသား၊သူ (၁၈) ဦးကို သင်ခန်းစာတွေ လွှတ်သွားမှာဆိုးတဲ့အတွက် တစ်နေ့ကို မြင်းပေါ်မှာပဲ (၈) နာရီလောက် အချိန်ကုန်ခဲ့ရတယ်လို့သိရပါတယ်။ သူဟာ ကလေးတွေကို မြင်းစီးပြီးတော့ စာလာသင်ပေးရလို့ပါပဲ။ ကျောင်းသားကျောင်းသူတွေနေထိုင်ရာ ကျေးလက်တောရွာလေးက အင်န်ဒီးစ် တောင်ခြေမှာ တည်ရှိပြီး အင်တာနက်လိုင်းမကောင်းတဲ့အတွက် ကလေးတွေက အွန်လိုင်းကနေ စာသင်ယူဖို့မဖြစ်နိုင်တာကြောင့် စီစီလီယားက ကလေးတွေကို ရွာထိလာရောက်သင်ကြားပေးခဲ့တာပါ။

ကပ်ရောဂါအတွင်းမှာ ကလေးတွေ စာမလေ့လာနိုင်မှာဆိုးတဲ့အတွက် စီစီလီယားက ကျောင်းသား၊သူတစ်ယောက်ချင်းစီကို လိုက်လံသင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ခါတလေ ကလေးအကုန်လုံးဆီ ရောက်ဖို့အတွက် တစ်နေ့ကို (၈) နာရီကျော်လောက် မြင်းစီးရတယ်လို့ ဆိုပါတယ်။ သူ့ကို မြင်းနဲ့ဆရာမလို့တောင် နာမည်ပြောင်ပေးထားကြပါတယ်။ သူက လိုအပ်တဲ့သင်ကြားရေးပစ္စည်းတွေကို သယ်ဆောင်ရင်းနဲ့ လိုက်လံသင်ကြားပေးနေပါတယ်။

Lockdown ဖြစ်ပြီး ကျောင်းတွေပိတ်ထားကတည်းက စီစီလီယားဟာ သူ့တပည့်တွေအားလုံးရဲ့မိသားစုတွေဆီသွားပြီး စာသင်ယူနိုင်မယ့်နည်းလမ်းတွေကို ပြောထားခဲ့တာပါ။ “ကလေးတွေက သူတို့အိမ်မှာ စာလိုက်သင်ပေးလို့ရလားလို့ ကျွန်မကို မေးတယ်။ ကျွန်မကလည်း ရတာပေါ့။ ကိစ္စမရှိဘူးလို့ ပြောခဲ့တာ”လို့ သူက မီဒီယာတွေကို ပြောပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေကလည်း သူ့မိဘတွေနဲ့အတူ တောင်တန်းတွေဆီသွားပြီး အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် အိမ်မှာ အချိန်ပေးပြီး စာသင်ယူဖို့မဖြစ်နိုင်တာကို စီစီလီယားသိခဲ့ရပါတယ်။ အဲဒီနောက် သူ့တပည့်တွေရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်မယ့် အဆင်ပြေစေမယ့်အစီအစဉ်ကို စဉ်းစားခဲ့ပြီး ကလေးတွေသွားတဲ့နေရာတိုင်း လိုက်ပြီး စာသင်ပေးနိုင်ဖို့ တပည့်တွေရဲ့မိဘတွေဆီကနေ မြင်းတစ်ကောင်တောင်းဆိုခဲ့ပါတယ်။

အဲဒီကတည်းကစပြီး ဆရာမ စီစီလီယားက တစ်လကို (၂) ကြိမ်လောက် ကျောင်းသား၊သူ တစ်ယောက်ချင်းစီသွားကာ စာသင်ကြားပေးနေခဲ့ပါတယ်။ ကလေးတွေဆီ သွားရတဲ့ သူ့ရဲ့ခရီးက ရှည်လျားတဲ့အပြင် ခက်လည်းခက်ခဲပါတယ်။ ကျောင်းသား၊သူတွေရဲ့အိမ်တွေမှာလည်း အိပ်ခဲ့ရပြီး ကလေးတွေကို စာသင်ပေးပြီးတဲ့ နောက်ရက်တွေမှာပဲ အနားယူရပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုကိုတော့ ဘယ်သူမှ အသိအမှတ်မပြုဘဲ မနေပါဘူး။ သူဟာ Caja Los Heroes က ချီးမြှင့်တဲ့ Nuevos Heroes (New Heroes) ဆုကို ရရှိခဲ့ပါတယ်။ ကပ်ရောဂါအတွင်းမှာ လိုအပ်နေတဲ့သူတွေကို ကူညီပေးတဲ့အတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီဆုက လိုက်လံကာစာသင်ကြားပေးနေတာကို ရပ်တန့်နိုင်မှာမဟုတ်သလို သူ့ကိုတောင် ပိုပြီး အားတက်လာစေတယ်လို့ ဆရာမက ဆိုပါတယ်။

Ref: Ladbible “Teacher Rides On Horseback Up To Eight Hours A Day To Get To Pupils During Lockdown”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top