၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ အငြိမ်းချမ်းဆုံး နိုင်ငံ (၁၀) နိုင်ငံ

country-of-vedeseta-7QUN64G.jpg

Institute for Economics and Peace (IEP) မှ ၂၀၁၉ နှစ်အတွက် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာ ရင်းကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လူအများ မည်သို့ပဲ ငြိမ်းချမ်းသည့် ရာစုနှစ်တွင်နေထိုင်နေ သည့်တိုင် ပြီးခဲ့တဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှု ပိုမိုလျှော့နည်းလာခဲ့ပါတယ်။ ယေဘုယျအားဖြင့် ငြိမ်းချမ်းသည့် နိုင်ငံများအနေနဲ့ ချေးငွေအတိုးနှုန်းနည်းမှု၊ ငွေကြေးခိုင်မာမှု နဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အားကောင်းမှုများ ရှိကြပါတယ်။ သေချာတာကတော့ နိုင်ငံရေးတည်ငြိမ်မှုက နိုင်ငံသားတို့ရဲ့ ပျော်ရွှင်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကိုတော့ အထူးပြောစရာမလိုပါ။ IEP အဖွဲ့အနေနဲ့ နိုင်ငံ၊ ပိုင်နက် ၁၆၃ခု ၌ ငြိမ်းချမ်းမှုရှိမရှိ တိုင်းတာရာတွင် အဓိကပင်မ ကျသည့် ခေါင်းစဉ်ကြီး သုံးခုကိုအခြေခံ၍ တွက်ချက်ခဲ့သည်။ ယင်းတို့မှာ လူမှုအသိုင်းအဝိုင်း ဘေးကင်းလုံခြုံမှု၊ ဆက်လက်ဖြစ်ပွား နေသော ပြည်တွင်းပြည်ပ ပဋိပက္ခ၊ စစ်ပုံသွင်းမှု အတိုင်းအတာမည်မျှရှိမှု စသည့် ခေါင်းစဉ်များကိုအခြေခံ၍ ငြိမ်းချမ်းမှုရှိမရှိ ကို တိုင်းတာခြင်းဖြစ်ပါတယ်။ ဒါဆို ၂၀၁၉ ခုနှစ်အတွက်ကမ္ဘာ့ငြိမ်းချမ်းဆုံး (၁၀) နိုင်ငံက ဘယ်နိုင်ငံတွေဆိုတာကို ဆက်လက် ဖတ်ရှုကြရအောင်။

၁။ အိုက်စလန်နိုင်ငံ (Iceland)

အိုက်စလန်နိုင်ငံသားတွေဟာ ညဖက်မှာ အိပ်ရေး၀၀အိပ်နိုင်ကြပါတယ်။ အကြောင်းကတော့သူတို့ဟာ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံမှာနေထိုင်ကြလို့ပါ။ သတင်းဆိုးရှိတယ်ဆိုတာ အလွန်ရှားပါတယ်။ ဒါကြောင့် လည်း ယင်းအနေနဲ့ အငြိမ်းချမ်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေတာ (၁၀) စုနှစ်နဲ့ချီရှိခဲ့ပါပြီး။ နေတိုး အဖွဲ့ဝင်နိုင်ငံငယ်လေး တစ်ခုအဖြစ်နဲ့ ကြည်းတပ်၊ရေတပ်၊ လေတပ် ဆိုပြီးတော့ (စစ်တပ်) မရှိပါ။ လူဦးရေ (၃) သိန်းခွဲ လောက်ရှိတဲ့ နိုင်ငံအနေနဲ့ ရာဇဝတ်မှုလည်းနည်းပါးပြီး အားကျဖွယ် ကောင်းတဲ့ ပညာရေးနဲ့ လူမှုဖူလုံရေး စနစ်များလည်းရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းမှု၊ လူအများ
ကျန်းမာစွာနေထိုင်နိုင်မှု နဲ့ ဝင်ငွေရရှိမှု နယ်ပယ်တွေ၌ ထိပ်တန်းစာရင်းမှာ ပါဝင်နေပါတယ်။

နိုင်ငံအနေနဲ့ လည်း မဖြစ်နိုင်တဲ့ အရာတွေကို ဖြစ်အောင်လုပ်တတ်ပါတယ်။ နိုင်ငံရဲ့၉၇ရာခိုင်နှုန်းဟာ အလယ်တန်း နဲ့ အောက်ခြေ လူတန်းစားတွေသာဖြစ်ကြပါတယ်။ ဒါ့အပြင် အထက်လွှာလူတန်းစားနဲ့ မသင့်မြတ်မှု ပြဿနာတွေကလည်း မရှိသလောက်ပါပဲ။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အိုင်စ လန်နိုင်ငံလေးဟာ အလွန်မှ ပျော်ရွှင်ဖွယ်ကောင်းပြီး
နေချင်စဖွယ် ဖြစ်နေတယ်ဆိုတာ ကိုတော့ အံ့သြစ ရာမရှိပါဘူး။

၂။နယူးဇီလန် (New Zealand)

၂၀၁၇ ခုနှစ်ကတည်း ကမ္ဘာ့ အငြိမ်းချမ်းဆုံးမှာ နံပါတ် (၂) ချိတ်ခဲ့ပြီး ဆယ်စုနှစ်အတွင်းအဆင့် (၄) အောက်ကို ဘယ်တုန်းမှ မရောက်ခဲ့ဘူးတဲ့ နိုင်ငံကတော့ နယူးဇီလန်ပဲဖြစ်ပါတယ်။ ယင်းအနေနဲ့ ပြည်တွင်းပြည်ပ ပဋိပက္ခ၊ စစ်ပုံသွင်းခြင်း နဲ့ လူမှုအသိုင်းအဝိုင်း ဘေးကင်းလုံခြုံမှုရှိမရှိ တိုင်း တာမှုနယ်ပယ်များတွင် ရမှတ်ကောင်း ကောင်းဖြင့် ထိပ်ဆုံးကနေ အမှတ်တွေ ရရှိခဲ့ပါတယ်။ဒါ့ကြောင့် လည်း နေချင်စဖွယ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ အကျယ်အဝန်း လောက်ရှိပေမယ့် နယူးဇီလန်မှာ လူဦးရေ (၄.၇) သန်းခန့်သာရှိပါတယ်။ ဆက်လက်ပြီး နိုင်ငံအနေနဲ့ ကျန်းမာရေး အဆင့်အတန်းဟာ ထိပ်ဆုံးကနေ ရပ်တည်နေပြီး၊ ၎င်းရဲ့ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရရှိမှုဟာ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစည်းခြင်းအဖွဲ့ OECD (Organization for Economic Co-operation and Development) နိုင်ငံများထဲတွင် အမြင့်ဆုံးဖြစ်နေပါတယ်။ သို့သော်လည်း ၂၀ရာခိုင်နှုန်းသော လူဦးရေအနေနဲ့ ဝင်ငွေရရှိမှုနည်းပါးမှုကြောင့် တန်ဖိုးသင့်အိမ်ရာများ မဝယ်နိုင်ကြခြင်း၊ ဆင်းရဲ ချမ်းသာ ကွာဟမှုရှိခြင်း နဲ့ စီးပွားရေးမှာလည်း အနည်းငယ် အကျပ်ရိုက် နေသေးသည်ကိုတွေ့နိုင်သည်။တွေ့နိုင်သည်။

၃။ပေါ်တူဂီ (Portugal)

ပေါ်တူဂီသည်လည်း ငြိမ်းချမ်းရေးနဲ့ ဘေးကင်းလုံခြုံရေး ကိစ္စများတွင် ကိုယ်ပိုင် စည်းချက်များဖြင့် ချီတက်နေပါတယ်။ နှစ်အနည်းငယ်အကြာက ဥရောပနိုင်ငံ အများစုအနေနဲ့ တိုးတက်ပြောင်းလဲမှု နှေးကွေးခဲ့သော်လည်း လူဦးရေ (၁၀) သန်းကျော်ရှိတဲ့ ပေါ်တူဂီနိင်ငံကတော့ အကောင်းဖက်သို့ အတက်ကြမ်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အရ အဆင့် (၁၈) နေရာကနေ ၂၀၁၆ တွင်မူ အဆင့် (၅) သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အဆင့် (၃) သို့တစ်ဖန် ခုန်တက်ခဲ့ပြန်ပါတယ်။ ပေါ်တူဂီအနေနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများရဲ့ အိမ်ရာ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဘေးကင်းလုံခြုံမှု နဲ့ အရည်အသွေးပြည့်မီတဲ့ ပတ်ဝန်းကျင်ကောင်းရှိမှု စတဲ့နယ်ပယ် များ၏ ပျမ်းမျှ ထက်ကိုပင် ကျော်လွန်နေသည်ကို တွေ့ရပါတယ်။ ဆက်လက်ပြီး နိုင်ငံအနေဖြင့် ခရီးသွားများ လာရောက်လည်ပတ်မှု အကြိုက်ဆုံး နေရာ (၃)နေရာ ထဲတွင်ပါဝင်ခဲ့ပါ သေးတယ်။ ပေါ်တူဂီရဲ့ လူနေမှုဘဝကို ခံစားနိုင်ဖို့ ငွေကြေးအများကြီးမလိုပါဘူး။ သံသယရှိဖို့မလိုတာက ဥရောပတိုက် အတွင်းမှာ သွားရောက်လည်ပတ်မှု အကောင်းဆုံးနဲ့ အတန်ဆုံး နိုင်ငံအဖြစ် ပေါ်တူဂီ
ဆက်လက်တည်ရှိနေတယ်ဆိုတာပါပဲ။

၄။ သြစတြီးယားနိုင်ငံ (Austria)

သြစတြီးယားအနေနဲ့ ယခင်နှစ်က အဆင့် တစ်ဆင့် လျှော့ကျခဲ့ပါတယ်။ စစ်အေးကာလအပြီးတွင် လူဦးရေ (၈.၇) သန်းကျော်ရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံအနေဖြင့် ဥရောပ၏ အရှေ့နဲ့အနောက် နယ်စွန်နယ်ဖျားမှ အလယ်ဗဟိုချက်သို့ ရွေ့ခဲ့၏။ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံသစ်ဖြစ်ပြီး နေတိုး အဖွဲ့ ဝင်မဟုတ်သေးသည့် နိုင်ငံအနေဖြင့် ပြိုင်ဖက်နိုင်ငံများနဲ့ သင့်တင်မျှတစွာ ပူးပေါင်းပြီး အိမ်နီး ချင်းနိုင်ငံများနဲ့ လည်းမတူကွဲပြားတဲ့ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ချီတက်နေသည်ကို တွေ့နိုင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေရရှိမှု၊ အိမ်ရာစီမံကိန်းများ စသည့် နယ်ပယ်များတွင် သြစတြီးယားနိုင်ငံ အနေဖြင့် ရမှတ်ကောင်းများ ရရှိနေပါတယ်။ တစ်ဖက်တွင်လဲ ညွန့်ပေါင်း အစိုးရအတွင်း “လွတ်လပ်သည့် ပါတီ” ပါဝင်ခြင်းကိစ္စနဲ့ ရွှေ့ပြောင်းလာသူတွေအပေါ် နှိမ်နင်းမှုတွေကြောင့် လမ်းပေါ် ဆန္ဒထုတ်ဖော်မှုများနဲ့ ဥရောပမဟာ မိတ်များနိုင်ငံများအတွင်း
ထိုကိစ္စအပေါ် စိုးရိမ်ပူပန်မှုများ တိုးလာနေပါတယ်။

၅။ ဒိန်းမတ် (Denmark)

၂၀၁၁ မှ ၂၀၁၆ အထိ အဆင့် (၂) နေရာတွင် (၅)နှစ်ဆက်တိုက် နေရာယူခဲ့ပြီး ၂၀၁၇ နှစ်မှ လက်ရှိအထိ အဆင့် (၅) တွင်ရပ်တည်လျက်ရှိပါတယ်။ ခရီးသွားလည်ပတ်မှု လုံခြုံမှုရှိပြီး နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ ရာဇဝတ်မှုနည်းပါးပြီး၊ နိုင်ငံရေးတည်ငြိမ်မှုရှိခြင်း၊ သတင်းနဲ့ လူ့အခွင့်အရေးတွေကို အလွန်လေးစားတဲ့ နိုင်ငံဖြစ်တယ်။ ဝင်ငွေအကောင်းဆုံး ဖြစ်ပြီး ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ တစ်နိုင်ငံ လည်းဖြစ်တယ်။ အဘယ်ကြောင့် အဆင့်များ ကျခဲ့ရသည်ဆိုသော် ၎င်းရဲ့ စစ်ပုံသွင်းမှု ဆိုးရွား ခဲ့မှုကြောင့်ဖြစ်ပါတယ်။ ရုရှား၏ အရှေ့နဲ့အနောက်ဥရောပ အခြမ်းတွင် စစ်ရေးခြိမ်း ခြောက်မှုရန်ကို ရင်ဆိုင်ရန် ဒိန်းမတ်သည် စစ်အသုံးစရိတ်ကို (၂၀)ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ ထိုနှုန်းထားဟာ ဆွီဒင်နဲ့ နော်ဝေ နိုင်ငံ၏ အသုံးစရိတ်အဆင့်နဲ့ ညီမျှပါတယ်။

၆။ ကနေဒါ (Canada)

နိုင်ငံပေါင်း၁၆၃ နိုင်ငံတွင် ကနေဒါနိုင်ငံဟာ အဆင့် (၆) လုံခြုံမှုအရှိဆုံး နိုင်ငံဖြစ်ပါတယ်။ပြည်တွင်းပြည်ပ ပဋိပက္ခ၊ ရာဇဝတ်မှု နဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေမှာ အမှတ်ကောင်းကောင်းနဲ့ ရပ်တည်နေလို့ပါ။ ကုန်းမြေဧရိယာ အကျယ်အဝန်းအားဖြင့် ကမ္ဘာ့ဒုတိယ နေရာမှာရှိပြီး လူဦးရေအားဖြင့်တော့ (၃၇)သန်းသာရှိတဲ့ နိုင်ငံဟာ စီးပွားရေးမှာလဲ အင်တားတောင့်တင်း လှပါတယ်။ ကုန်သွယ်ရေးမှာလည်း အားကောင်းပြီး ချမ်းသာတဲ့ နိုင်ငံဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်မှု၊ ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်းမြင့်မားမှုနဲ့ အုပ်ချုပ်ရေးပိုင်း စနစ်ကျမှု တွေကြောင့်နေချင်စဖွယ်ကောင်း လှတဲ့နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF အနေဖြင့် အမေရိကန် နဲ့ ကနေဒါကြား ကုန်သွယ်မှု တင်းမာနေသည့် ပြဿနာဟာ နိုင်ငံအတွက် စီးပွားရေးအကျပ်အတည်း ရှိလာနိုင်ကြောင်း သတိပေးထားသည်။

၇။ စင်ကာပူ (Singapore)

ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်းတွေမှာ ကမ္ဘာပေါ်တွင် ပိုမိုအကြမ်းဖက်မှု များလာကြောင်းပြောနေသော်လည်း စင်ကာပူနိုင်ငံအနေဖြင့် ပိုမိုငြိမ်းချမ်းလာနေသည်ကို တွေ့ရ၏။ မည်မျှ ငြိမ်းချမ်းလာကြောင်း ပြသနေတာကတော့ ၂၀၁၈ ခုနှစ်တွင် အဆင့် (၂၁)မှ အဆင့် (၁၃) သို့ခုန်တက်ခြင်းပဲဖြစ်ပါတယ်။ ဆက်လက်ပြီး နောက်ထပ် တစ်ဆင့် ယခုနှစ်အတွင်းထပ်တက်ခဲ့ပါတယ်။ အဘယ်ကြောင့် ဒီမျှ တက်လာခဲ့ရသနည်း။ IEP ၏အဆိုအရ ထိုသို့ တိုးတက်လာရခြင်းသည် နယ်ပယ်အားလုံး ခြုံငုံသုံးသပ်ခြင်းပေါ်တွင် မူတည်ကာ ငြိမ်းချမ်းရေး တိုးတက်မှုနဲ့ ဆိုင်သည့်နယ်ပယ်များတွင်တော့ ညွန်းကိန်းအနည်းငယ်ဖြင့်သာ အသုံးပြု၍ ခြုံငုံသုံးသပ်သည် ဟုဆို၏။ ဒီလောက် လုံခြုံမှုရှိပြီး ပြည်တွင်းပြည်ပ ပဋိပက္ခမရှိသလောက် နိုင်ငံအနေဖြင့် ထိပ်ဆုံးကရပ်တည်မှုကို ကိုင်လှုပ်စေသည့်အရာ ကတော့ စစ်မှုသွင်းခြင်း ပဲဖြစ်တယ်။ ဆိုလိုသည်မှာ စင်ကာပူအနေဖြင့် လက်နက်တင်သွင်း မှုအသုံးစရိတ်၊ စစ်မှုထမ်းဆောင်ခြင်းဆိုင်ရာ၊ ရဲတပ်ဖွဲ့ဝင် များနဲ့ စပ်လျဉ်း ၍ အနီရောင်အဆင့် သတ်မှတ်ခြင်း ခံထားရသည်။ အကြောင်းအရင်း ကတော့ စင်ကာပူအနေဖြင့် စီးပွားရေးအတွက် ရေကြောင်းကုန်သွယ်မှုကို အားထားရသည်ဖြစ်၍ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာ ကိုချိတ်ဆက်ထားသည့် မလက္ကာရေလက်ကြား အတွင်း ဘေးကင်းစွာ ကုန်သွယ်နိုင်ရေးတွင် ၎င်း၏လုံခြုံရေးယန္တယားကိုအသုံးပြုပြီး ကြည့်ကြပ် ကွပ်ကွဲရ ခြင်းကြောင့်ဖြစ်ပြီး
ဒီကိစ္စကိုတော့ ငြင်းစရာမရှိပါ။

၈။ဆလိုဗေးနီးယား (Slovenia)

ယခုနှစ်တွင် (၁၀) နိုင်ငံစာရင်းထဲပါဝင်လာတဲ့ ဆလိုဗေးနီးယားဟာ ၂၀၁၈ ခုနှစ်က သုံးဆင့် အထိ တက်ရောက်လာခဲ့တဲ့ ဥရောပရဲ့ ထိပ်ဆုံးနေရာက ပြေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ IEP စစ်တမ်းအရ ဥရောပရှိ ဟန်ဂေရီနိုင်ငံ က အဆင့် (၂၁) ၊ရိုမေးနီးယားနိုင်ငံ က အဆင့် (၂၅) ၊ ဘူဂေးရီးယားနိုင်ငံ (၂၆) ၊ ခရိုအေးရှား(၂၈) နဲ့ ပိုလန် အဆင့် (၂၉) တို့အသီးသီးရှိကြပါတယ်။ ဥရောပ နိုင်ငံပေါင်း (၃၆) နိုင်ငံအနက် (၂၂) နိုင်ငံက တိုးတက်ခဲ့ပြီး တိုက်ကြီးအတွင်းရှိ အငြိမ်းချမ်းဆုံး (၂၅) နိုင်ငံအနက် (၁၇) နိုင်ငံအတွင်းပါဝင်ခဲ့ပါတယ်။

ချွင်းချက်အားဖြင့် တူရဂီ နိုင်ငံသာလျှင် အဆင့် (၁၅၂) ငြိမ်းချမ်းမှု အနည်းဆုံးနိုင်ငံများ အဆင့်၌ပါဝင်ခဲ့တယ်။ ဒဏ္ဍရီ တစ်ခုအဆိုအရ ဘုရားသခင် သည် နိုင်ငံများအားလုံးကို ပိုင်နက်များပေးခဲ့ပြီး ဆလိုဗေးနီးယား ကိုတော့ မေ့ကျန်ခဲ့တယ်။ အ ကြောင်းမှာ လူဦးရေအနည်းငယ်သာ ရှိခဲ့သည်ဟုဆိုပါတယ်။ တောင်းပန်သောအားဖြင့် ဘုရားသခင်ဟာ သူ့အတွက် သိမ်းဆည်းထားတဲ့ သုခဘုံ လေးထဲမှ အနည်းငယ်ကိုပေးအပ်ခဲ့တယ်။ ဆလိုဗေးနီးယားရဲ့ ပိုင်နက်တစ်ဝက်ခန့်မှာ သစ်တောများဖြင့် ဖုံးလွှမ်းထားတဲ့အချက်က တိုက်ကြီးထဲတွင် ဝင့်ကြွားစရာအချက်တစ်ခု ဖြစ်နေပါတယ်။ မြို့တော် လိုယူစ်ယားနား နဲ့ တစ်နာရီလောက်သာဝေးတဲ့ နေရာကိုရောက်ရှိရုံနဲ့ Adriatic ပင်လယ်ထဲတွင် ရေဆင်းကူးမလား ဂျူလီယန် အယ်လ်ပ် တောင်တန်း တွေဆီပဲ တောင်တက်မလား ဆိုတာကို ရွေးချယ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုငြိမ်းချမ်းထဲသုခဘုံလေးဆီ မှာ မနေချင်ကြမှာလဲ။

၉။ ဂျပန် (Japan)

အဆင့် (၉) တွင် နှစ်များစွာ ထိန်းသိမ်း လာခဲ့တဲ့ ဂျပန်နိုင်ငံဟာ ဥရောပတိုက်ထက် လူဦးရေ သိပ်သည်းမှု (၃) ဆ ရှိပြီး၊ အမေရိကန်ထက် (၁၂) ဆ ပိုပါတယ်။ မည်သို့ဆိုစေ ဂျပန်ဟာ ငြိမ်းချမ်းမှုနဲ့ ဘဝတိုးတက်မှုတွင် အမြင့်ဆုံးနေရာကနေ ထိန်းထားနိုင်ခဲ့တယ်။ နှစ်အနည်းငယ်အတွင်း ခိုးမှုနဲ့ အခြားသော ရာဇဝတ်မှုတွေ ဆက်တိုက်ဆိုသလို ကျဆင်းလာနေပြီး သမိုင်းကြောင်းအရ ၁၉၅၀ ပြည့်နှစ်များ၌ စတင်ကျဆင်းခဲ့ပါတယ်။ သို့သော် အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးတွင် တရုတ်နဲ့ အထူးသဖြင့် မြောက်ကိုရီးယား နိုင်ငံနဲ့ ဆက်ဆံရေးမပြေလည်မှုကို စိုးရိမ်စရာကိစ္စများ ဖြစ်ကြောင်း မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ စစ်အာဏာသုံးဝါဒ ကို ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်တို့ရေးဆွဲထားတဲ့ “ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ၂၀၁၄ ခုနှစ်တွင် တဖန်ပြန်လည် စိစစ်ခဲ့ပြီး ထိုထဲတွင် တိုင်းပြည်ရဲ့ မဟာဗျူဟာ မြောက်စွမ်းရည်များနဲ့ စုပေါင်း ကိုယ်ပိုင်ကာကွယ်ရေး နည်းဗျူဟာများကို သုံးသပ်ပြင်ဆင်ခဲ့ပါတယ်။

၁၀။ ချက်သမ္မတနိုင်ငံ (Czech Republic)

ပြီးခဲ့တဲ့နှစ်က အဆင့် သုံးဆင့်သို့ ကျဆင်းခဲ့တဲ့ ချက်သမ္မတနိုင်ငံကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပြည်ပဆက်ဆံရေး၊ လူမှုလုံခြုံရေး ကောင်းမွန်မှု နဲ့ နိုင်ငံရေး တည်ငြိမ်မှုများကို တစိုက်မတ် မတ်ထိန်း ထားနိုင်ခဲ့တယ်။ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစည်းခြင်း OECD ရဲ့အဆိုအရ လူနေမှုဘဝ၊ အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကောင်း ရရှိမှု၊ ကျွမ်းကျင်မှုနဲ့ ပညာရေးနယ်ပယ်များ တွင်ကောင်းမွန်မြင့်မားစွာ စွမ်းဆောင်နိုင်ခြင်း ရှိသည်ဟိုဆိုပါတယ်။ နိုင်ငံရဲ့ (၉၄) ရာခိုင်နှုန်း (အသက် ၂၅နှစ်မှ ၆၄နှစ်အတွင်း) ဟာ ဖြင့် အထက်တန်းလွန် ပညာရေးကို ပြီးဆုံးအောင်မြင်ထားကြပါတယ်။


ဒါဟာဆိုရင် ပျမ်းမျှ (၇၈) ရာခိုင်နှုန်း၏ အထက်တွင်ရှိပြီး စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံပေါင်း (၃၄)နိုင်ငံထဲတွင် အမြင့်ဆုံးဖြစ်တယ်။ သို့သော် လူဦးရေ (၁၀) ခန်းခွဲသာရှိတဲ့ နိုင်ငံအနေဖြင့် ဥရောပ သမ္မဂနိုင်ငံများထဲတွင် အလုပ်လက်မဲ့နှုန်း (၂.၂) ရာခိုင်နှုန်းခန့်သာရှိသည်။ စီးပွားရေး ပညာရှင်များ ၏အဆိုအရ ဤနှုန်းထားသည် ပုံမှန်အောက်တွင်သာရှိသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံကမူ အဆင့် (၁၂၅) တွင်ရပ်တည်လျက်ရှိပါတယ်။ဆက်လက်ပြီး ဖိလစ်ပိုင်နိုင်ငံက အဆင့် (၁၃၄)၊ ထိုင်းနိုင်ငံက အဆင့် (၁၁၇)၊ ကမ္ဘောဒီးယား(၈၉)၊ ဗီယက်နမ် (၅၇)၊ လာအို (၄၅)၊ အင်ဒိုနီးရှား (၄၁) နဲ့ မလေးရှား အဆင့် (၁၆) ဖြင့် အသီးသီးရပ်တည်လျက်ရှိပါတယ်။

Ref: The Most Peaceful Countries In The World 2019 (Global Finance)

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top