ကလေးကြောင့် ကွဲသွားခဲ့တဲ့ စင်ကာပူဒေါ်လာ ၅၈၇၉ တန်တဲ့ ရွှေရောင်အရုပ်ကြီးအတွက် လျော်ကြေးငွေကို ဆိုင်က ပြန်ပေး

25-5-2022-yyl-14.jpg

ကလေးတစ်ယောက်ကြောင့် ဟောင်ကောင်က KKPlus အရုပ်ဆိုင်မှာ ပြထားတဲ့ လူခန္ဓာကိုယ်အရွယ်အစားလောက်ရှိတဲ့ ရွှေရောင်တယ်လီကျူဘီအရုပ်ကြီး ကွဲသွားခဲ့ပါတယ်။ ဆိုင်ဝန်ထမ်းက ကလေးဟာ အရုပ်ကိုကန်လိုက်တာကြောင့် ကွဲသွားတာလို့ ပြောတဲ့အတွက် ကလေးရဲ့ဖခင်က အဲဒီအရုပ်အတွက် လျော်ကြေးငွေ စင်ကာပူဒေါ်လာ ၅၈၇၉. ၅၂ ပေးလိုက်ရပါတယ်။ ကွဲကြေပျက်စီးနေတဲ့ ရွှေရောင်တယ်လီကျူဘီအရုပ်ကြီးနားမှာ မတ်တပ်ရပ်နေတဲ့ သူတို့မိသားစုရဲ့ဓာတ်ပုံတွေကလည်း ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အစကတော့ မေလ ၂၃ ရက်နေ့မှာ KKPlus အရုပ်ဆိုင်က ဒီမတော်တဆဖြစ်ရပ်ကို ဖြေရှင်းပြီးသွားပြီဆိုတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကွဲသွားတဲ့အရုပ်ကြီးက ၂၀၂၁ခုနှစ် နိုဝင်ဘာလကတည်းက အဲဒီနေရာမှာပဲ ရှိနေခဲ့ပြီး ဖောက်သည်တွေကို အဆင်မပြေဖြစ်စေခဲ့တာမျိုးမရှိခဲ့ဖူးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ နောက်တော့ ဒီထုတ်ပြန်ချက်ကို ဖျက်ပစ်ခဲ့ပါတယ်။

တစ်ရက်အကြာမှာတော့ KKPlus ရဲ့မိခင်ကုမ္ပဏီ Kidsland International က လျော်ကြေးငွေပေးလိုက်ရတဲ့ ကလေးရဲ့မိသားစုကို တောင်းပန်တဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်စောင် ရေးသားခဲ့ပါတယ်။ လျော်ကြေးငွေကို ကလေးရဲ့မိသားစုကို အပြည့်အဝပြန်ပေးခဲ့ပြီးပြီဆိုတဲ့အကြောင်းနဲ့ အလားတူဖြစ်ရပ်မျိုးမဖြစ်လာဖို့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

ကလေးလေးက အရုပ်ကြီးကို မကန်ခဲ့ဘဲ ဖြည်းဖြည်းလေးမှီလိုက်တာနဲ့ အလွယ်တကူလဲကျသွားတယ်ဆိုတာကို စီစီတီဗီမှတ်တမ်းမှာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ကမြင်းတဲ့ကလေးလေးလို့ ပြောခဲ့တဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက အရုပ်ဆိုင်ကို ပြန်ပြီးဝေဖန်ပြောဆိုခဲ့ကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ၁.၈ မီတာ ရှည်တဲ့အရုပ်ကို ဘာလို့ ပိုပြီးခိုင်အောင်၊ ထိခိုက်မခံရအောင် မထားတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ KKPlusရဲ့ မန်နေဂျာကလည်း ကြိုပြီး ကာကွယ်တဲ့အနေနဲ့ ၁ မီတာ ကျော်တဲ့ အရုပ်တွေအားလုံးကို ဆိုင်ကနေ ဖယ်ပစ်ခဲ့ပြီး မတော်တဆဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။

Ref: Mothership “Toy store refunds S$5,800 to father of boy who broke golden Teletubby after public backlash”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top