လွန်ခဲ့တဲ့ ရာစုနှစ် ၃ စုက ရတနာတွေ တင်လာပြီး ပင်လယ်ပြင်မှာ ပျောက်ဆုံးခဲ့တဲ့ စပိန်ရွက်သင်္ဘောမှ ပစ္စည်းများကို ရှာဖွေတွေ့ရှိ

4.12.23-yyl-5.jpg

ပင်လယ်ပြင်မှာ ပျောက်ဆုံးခဲ့တဲ့ ရတနာသင်္ဘောတွေအနက် တစ်စီးဖြစ်တဲ့ စပိန်ရွက်သင်္ဘော Maravillas ပေါ်က ရတနာပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ Maravillas ရွက်သင်္ဘောကြီးဟာ ၁၆၅၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်ညက Little Bahama Bank ကမ်းခြေရဲ့ အနောက်ဘက်မှာ သန္တာကျောက်တန်းကို ဝင်တိုက်ပြီး နစ်မြုပ်သွားခဲ့တာပါ။ ၁၆၅၄ ခုနှစ်က အီကွေဒေါနိုင်ငံအနီး နစ်မြုပ်ခဲ့တဲ့ အခြားစပိန်ရွက်သင်္ဘောကြီးတစ်စီးပေါ်က ရတနာပစ္စည်းတွေ အပါအဝင် အဖိုးတန်ရတနာပစ္စည်း အမြောက်အများ တင်ဆောင်လာတဲ့ Maravillas ရွက်သင်္ဘောကြီးဟာ စပိန်နိုင်ငံထံ အပြန်ခရီးမှာ နှစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

Maravillas ရွက်သင်္ဘောကို ပြန်ဆယ်နိုင်ဖို့ စပိန်နိုင်ငံက သင်္ဘောဆယ်ယူရေးသမားတွေ၊ အင်္ဂလန်၊ အမေရိကန်နိုင်ငံသားတွေက အနည်းဆုံး ၂၁ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ကြဖူးပါတယ်။ ၁၉၇၂ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ကြားကာလအတွင်း သင်္ဘောဆယ်ယူရေးအဖွဲ့တွေက သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေချောင်း၊ ရွှေဒင်္ဂါး၊ ငွေထည်၊ ကျောက်မျက်ရတနာ၊ ကျောက်ဆူးနဲ့ အမြောက်တွေ အပါအဝင် အလေးချိန် တန် ၃၀ ရှိတဲ့ ပစ္စည်းတွေကို ဆယ်ယူခဲ့ကြဖူးပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ဘဟားမားအစိုးရရဲ့ ခွင့်ပြုလိုင်စင်ရယူပြီး Allen Exploration အဖွဲ့က ရေအောက်ရှာဖွေရေးလုပ်ရာမှာ သင်္ဘောပျက်တည်ရှိရာကနေ အရှေ့တောင်ဘက် ၃ မိုင်အကွာအထိ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့တာပါ။ Allen Exploration အဖွဲ့က ရေအောက်ရှာဖွေရေးလုပ်ငန်းတွေ ၄ နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် သင်္ဘောပျက် တည်ရှိရာကနေ ၃ မိုင်အတွင်း ပြန့်ကျဲနေတဲ့ ပစ္စည်းတွေရဲ့ တည်နေရာကို မှတ်သားမှုတွေ လုပ်နိုင်ခဲ့ပါတယ်။

” ရာစုနှစ်များစွာ မုန်တိုင်းဒဏ် ခံခဲ့ရလို့ Maravillas ရွက်သင်္ဘောကြီး ကြေမွပျက်စီးသွားတာလို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ရေအောက်ရှာဖွေရေးလုပ်ငန်းရဲ့ တွေ့ရှိချက်အရ အဲဒီသီအိုရီက ပြန်စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ တကယ်လို့ ရွက်သင်္ဘောကြီးက ဟာရီကိန်းမုန်တိုင်းတွေကြောင့် ကြေမွပျက်စီးခဲ့ရတယ်ဆိုရင် အကြွင်းအကျန်ပစ္စည်းတွေက အရပ် ၄ မျက်နှာလုံးကို ပြန့်ကျဲသွားရမှာပါ။ ဒါပေမဲ့ အဲဒီလို မဟုတ်တာ တွေ့ရတယ်။ အရှေ့တောင်ဘက်ကို လွင့်စင်နေတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုက အထူးသတိပြုစရာ ဖြစ်နေတယ်”လို့ ပစ္စည်းတည်နေရာ မှတ်သားရေးလုပ်ငန်းကို ဦးစီးတဲ့ ကမ်းလွန်မန်နေဂျာ ဒန်ပေါ်တာက ဆိုပါတယ်။

Little Bahama Bank အနောက်ပိုင်းဟာ ကုန်သည်လေခါးပတ်ကွင်းဧရိယာအတွင်း ကျရောက်နေပြီး ဆောင်းရာသီမှာ အနောက်မြောက်၊ အရှေ့မြောက်ကနေ တစ်နာရီ မိုင် ၃၀၊ မိုင် ၄၀ နှုန်းရှိတဲ့ လေတွေ တိုက်ခတ်လေ့ရှိပါတယ်။ မုန်တိုင်းရှေ့ပြေးလေ တိုက်ခတ်မှုကြောင့် သင်္ဘောစတင်နှစ်မြုပ်တဲ့ ၁၆၅၆ ခုနှစ် ဇန်နဝါရီလကနေ ၁၆၅၆ ခုနှစ် ဇွန်လကြားကာလအတွင်း Maravillas သင်္ဘောရဲ့အပျက်အစီးတွေ အခုပုံစံ ပြန့်ကျဲခဲ့တာဖြစ်မယ်လို့ AllenX အဖွဲ့က ဆိုပါတယ်။

Ref: Treasure For 3 Miles: A Scatter Trail from the Most Famous Shipwreck is Uncovered Behind the Maravillas

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top