အမေရိကန်နိုင်ငံသားအားလုံးကို သူ့လိုမျိုး ကုသပေးစေချင်တယ်လို့ ဒေါ်နယ်ထရမ့် ပြော

8-10-2020-yyl-018.jpg

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို သူ့လိုမျိုး ကုသပေးစေချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိပြီး တစ်ပတ်မပြည့်ခင်မှာပဲ ဒေါ်နယ်ထရမ့်က သမ္မတတာဝန် ပြန်လည်ထမ်းဆောင်ခဲ့ပြီး မက္ကဆီပင်လယ်ကွေ့မှာ ဟာရီကိန်းမုန်တိုင်း ဒယ်တာ(Hurricane Delta) ဖြစ်ပေါ်နေမှုနဲ့ပတ်သက်ပြီး ဘဲဥပုံရုံးခန်းမှာ စာနယ်ဇင်းရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ ခံစားခဲ့ရခြင်းမရှိသလို အဖျားဝေဒနာ မရှိတာလည်း ၄ ရက်ကျော် ရှိလာပြီလို့ သမားတော် ရှောင်ကွန်လေက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ကို Regeneron Pharmaceuticals ကုမ္ပဏီရဲ့ antibody cocktail (ပဋိပစ္စည်း စပ်ကုထုံး)နဲ့ ကုသပေးခဲ့တာပါ။ antibody cocktail ဆိုတာ ကိုဗစ်-၁၉ ရောဂါကနေ ပြန်သက်သာလာသူရဲ့ ပဋိပစ္စည်းနဲ့ လူ့ကိုယ်ခံအားစနစ်ဖြစ်အောင် ဖန်တီးထားပြီး ကိုဗစ်-၁၉ ရောဂါပိုးရဲ့ Spike Protein ( ဆဲလ်ထဲကို ထိုးဖောက်ပြီး ရောဂါကူးစက်စေတဲ့ ပရိုတိန်းအတက်) ထိုးသွင်းထားတဲ့ ကြွက်ရဲ့ ပဋိပစ္စည်းကို ပေါင်းစပ်ထားတဲ့ ကုထုံးပါ။ အဲဒီကုထုံးဟာ ရောဂါလက္ခဏာ သက်သာစေမယ့်နည်းလမ်းမဟုတ်ဘဲ ရောဂါပျောက်ကင်းစေမယ့် ကုသနည်းဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒါ့အပြင် Regeneron Pharmaceuticals ဆီကနေ ဆေးအဖုံ သိန်းချီနီးပါး မှာယူထားပြီး အမေရိကန်နိုင်ငံသားတွေ အခမဲ့ ကုသခွင့်ရအောင် ဆောင်ရွက်ပေးမယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ Regeneron Pharmaceuticals ကုမ္ပဏီရဲ့ ဆေးဝါးတွေကို ပြည်ထောင်စုစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ခွင့်ပြုချက်ပေးခြင်းမရှိသေးပါဘူး။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးခဲ့ပါတယ်။ ” ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတွေ ဘာမှ ပေးစရာမလိုဘူး။ ဒီလိုဖြစ်လာတာ ခင်ဗျားတို့ရဲ့အမှားကြောင့် မဟုတ်ဘူး။ ဒါက တရုတ်နိုင်ငံရဲ့အမှားကြောင့် ဖြစ်ရတာပါ။ ဒီတော့ တရုတ်နိုင်ငံက ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်။ ဒါက တရုတ်နိုင်ငံရဲ့ အမှားပဲ”လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

Ref: BBC ” Covid: Trump back at work in Oval Office days after testing positive”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top