ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခွင့်ရခဲ့တဲ့ ၁၆ နှစ်သမီး

8-10-2020-yyl-019.jpg

အသက် ၁၆ နှစ်အရွယ် ဖင်လန်နိုင်ငံသူ မိန်းကလေးငယ်တစ်ယောက်ဟာ ဖင်လန်နိုင်ငံဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခွင့် ရရှိခဲ့ပါတယ်။ အေဗာမာတိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူချိန်မှာ ဥပဒေသစ် ပြဋ္ဌာန်းတာမျိုး လုပ်ခွင့်မရပေမဲ့ နည်းပညာလောကမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို မီးမောင်းထိုးပြဖို့အတွက် နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။ ကုလသမဂ္ဂ၏ မိန်းကလေးများနေ့မတိုင်ခင် တစ်ရက်အလိုမှာ အေဗာမာတိုက ဆန်နာမာရင်ရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခဲ့တာပါ။

ဖင်လန်နိုင်ငံဟာ ကလေးသူငယ်အခွင့်အရေးနဲ့ မိန်းကလေးငယ်တွေ သာတူညီမျှ အခွင့်အရေးရဖို့ လှုပ်ရှားနေတဲ့ Plan International ရဲ့ Girls Takeover (မိန်းကလေးငယ်များ တာဝန်လွှဲပြောင်းရယူရေး) အစီအစဉ်မှာ ပါဝင်ခဲ့တာ ၄ နှစ် ရှိပါပြီ။ အဲဒီအစီအစဉ်အရ ကမ္ဘာနိုင်ငံအချို့မှာရှိတဲ့ ဆယ်ကျော်သက်တွေဟာ နိုင်ငံ့ခေါင်းဆောင် ဒါမှမဟုတ် တခြားကဏ္ဍတွေရဲ့ ခေါင်းဆောင်တွေနေရာမှာ တစ်ရက်ကြာ အစားထိုး တာဝန်ယူခွင့် ရရှိပါတယ်။ ဒီနှစ်မှာတော့ Plan International က မိန်းကလေးတွေအတွက် ဒီဂျစ်တယ်စွမ်းရည် တိုးမြှင့်ရေး၊ နည်းပညာဆိုင်ရာ အခွင့်အလမ်းတွေ ပိုမိုရရှိရေးကို အဓိကအာရုံစိုက်ခဲ့ပြီး ကင်ညာ၊ ပီရူး၊ ဆူဒန်နဲ့ ဗီယက်နမ်နိုင်ငံတွေ အပါအဝင် နိုင်ငံအများအပြား ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျား၊ မ ကွာဟချက် အစီရင်ခံစာမှာ ဖင်လန်နိုင်ငံက အဆင့်(၃) နေရာမှာ ရှိခဲ့ပေမဲ့ ဖင်လန်နိုင်ငံရဲ့ နည်းပညာကဏ္ဍမှာတော့ အမျိုးသမီးတွေ ပါဝင်မှု နည်းပါးနေပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က အသက် ၃၄ နှစ်အရွယ်မှာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရတဲ့ ဆန်နာမာရင်ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။

Ref: BBC ” Girls Takeover: Teen becomes Finland’s PM for the day”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top