ကလေးတွေနဲ့ ခြင်ကျားအန္တရာယ်

mosquito-trying-to-bite-through-cloth-V3QDX5U.jpg

အခုဆို မိုးလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာပြီဆိုတော့ ရေနှုတ်မြောင်းတွေနဲ့ ရေတွင်း၊ ရေကန်တွေမှာ ခိုအောင်းနေတဲ့ ပိုးလောက်လန်းတွေက ခြင်ပုန်းတွေ ဖြစ်လာပြီး လူမြင်တာနဲ့ ကိုက်ဖို့ အသင့်ဖြစ်နေကြပါတယ်။

လူကြီးတွေကတော့ ခြင်မကိုက်အောင် ရှောင်ရှားလို့ရပေမယ့် ကလေးငယ်တွေကတော့ သေချာဂရုစိုက်မှ ခြင်အန္တရာယ် ကင်းဝေးမှာပါ။ အထူး သတိထားရမှာကတော့ သွေးလွန်တုပ်ကွေးခြင်လို့ ခေါ်ကြတဲ့ အီဒီးစ် (Aedes) ခြင်ကျားတွေကိုပါ။ တခြားခြင် အမျိုးအစားတွေနဲ့ မတူတဲ့ အချက်က အီဒီးစ်ခြင်ဟာ နံနက်စောစောနဲ့ ညနေစောင်းအချိန်တွေမှာ အဓိက ကိုက်လေ့ရှိတာပါပဲ။

ကလေးမှာ သွေးလွန်တုပ်ကွေး ရှိနေကြောင်း ပြသတဲ့ လက္ခဏာတွေက-

• အဖျားကြီးခြင်း

• ပျို့အန်၊ မအီမသာဖြစ်ခြင်း

• အစားအသောက်ပျက်ခြင်း

• အနီစက်တွေထွက်ခြင်း

• အဆစ်အမြစ်နဲ့ ကြွက်သား နာကျင်ကိုက်ခဲခြင်းတို့ပဲ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေး တစ်ခါ ဖြစ်ဖူးသူတွေမှာ နောက်တစ်ခါ ထပ်ဖြစ်ရင် ပိုပြီး ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေများပါတယ်။ သွေးလွန်တုပ်ကွေး အပြင်းစားရဲ့ လက္ခဏာတွေကတော့ ဗိုက်အလွန်အောင့်ခြင်း၊ ပြင်းထန်စွာ သွေးယိုစီးခြင်း၊ အသက်ရှူရခက်ခြင်းနဲ့ သတိလစ်ခြင်းတို့ ဖြစ်ပါတယ်။ ကလေးမှာ ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ပြေးနိုင်မှ ကလေး အသက်အန္တရာယ်အတွက် စိတ်ချရမှာပါ။

သားသား၊ မီးမီးတွေ သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့

• ကလေးငယ်တွေကို ခြင်ကိုက်မခံရအောင်ထားပါ။

• အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ထားပေးပါ။

• ခြင်ထောင်နဲ့သိပ်ပါ။

• ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေ ဆောင်ရွက်ပါ။

• အိမ်အတွင်းအပြင် လေဝင်လေထွက်ကောင်းအောင် ဂရုစိုက်ပါ။

• ၂ လသားကျော်တဲ့ ကလေးငယ်တွေကို ၁၅ -၃၀ ရာခိုင်နှုန်းရှိတဲ့ DETT အင်းဆက် ကာကွယ်ဆေး ထိုးထားပေးလို့ရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။ ကလေးရဲ့ ခန္ဓာကိုယ်အနှံ့မှာ အနီစက်တွေ ထွက်လာပြီဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြသပါ။ အနီစက် မထွက်ပေမဲ့ အပေါ်မှာ ပြောထားတဲ့ သွေးလွန်တုပ်ကွေး လက္ခဏာတွေ သင့်ကလေးမှာ ပြသနေပြီဆိုရင်လည်း ဆေးခန်းပြေးဖို့ ဝန်မလေးပါနဲ့ ဖေဖေ၊ မေမေတို့ရေ။

ဒါမှသာ သားသား၊ မီးမီးလေးတွေ ခြင်ကျားရဲ့ အမွေဆိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေးရန်က ကင်းဝေးမှာပါ…..

Ref: babycenter “dengue fever in babies”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top