နှလုံးသားလှပြီး လက်တွေ့ကျတဲ့ အမျိုးသမီး

big-heart.jpg

မိုင်၄၀၀၀ ကွာဝေးတဲ့ နေရာက နှလုံးသားလှတဲ့ သူစိမ်းအမျိုးသမီးတစ်ဦးရဲ့ အကူအညီကြောင့် အိန္ဒိယနိုင်ငံက ခေါင်းစောင်းနေတဲ့ ကလေးငယ်ဟာ သာမန် လူတစ်ယောက်လို ပြန်ဖြစ်စေနိုင်မယ့် ခွဲစိတ်ကုသမှု ခံယူနိုင်ခဲ့ပါပြီ။

မာဟန်ဒြာလို့ အမည်ရတဲ့ အသက်(၁၃)နှစ်အရွယ် ကလေးငယ်ဟာ မွေးရာပါ ကြွက်သားအားနည်းတဲ့ ရောဂါကြောင့် သာမန်လူတွေလို ခေါင်းမတ်မတ် မထောင်နိုင်ဘဲ သူ့ခေါင်းက ၁၈၀ ဒီဂရီ တိမ်းစောင်းနေခဲ့ပါတယ်။

လည်ပင်းကြွက်သားတွေ အားနည်းတဲ့အတွက် ခေါင်းမထောင်နိုင်တာပါ။ မာဟန်ဒြာရဲ့ မိဘတွေဟာ သူတို့သားကို ကုသပေးဖို့ အိန္ဒိယနိုင်ငံက ဆရာဝန်တွေထံ သွားပြခဲ့ပေမယ့် ဆရာဝန်(၅၀)လုံးက ကုလို့မရနိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်မှာ မာဟန်ဒြာရဲ့ မိဘတွေက သူတို့သားကို ကုသဖို့ကိစ္စအတွက် လက်လျှော့ခဲ့ကြပါတယ်။ အဲဒီနောက်မှာ လီဗာပူးမြို့က ကလေးနှစ်ယောက်မိခင် ဂျူလီဂျုံးစ်က မာဟန်ဒြာအကြောင်း သိရှိခဲ့ပြီး သူ့ကို ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

“လူတိုင်းက အကူအညီရရှိဖို့ စောင့်မျှော်နေကြပေမယ့် ဘယ်သူ တစ်ယောက်ကမှ ထိထိရောက်ရောက် မလှုပ်ရှားခဲ့ကြပါဘူး။ ဒီအကြောင်း သိပြီးတဲ့အချိန်မှာ ကျွန်မ လက်ပ်တော့ဖွင့်ပြီး အလှူခံတဲ့ဝက်ဘ်ဆိုက်တစ်ခု ထောင်ခဲ့တယ်။ ပြီးတော့ ဘဏ်အကောင့် ဖွင့်ခဲ့ပါတယ်။ မာဟန်ဒြာရဲ့ ဖြစ်ရပ်က အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ သူ့နေရာမှာ ကျွန်မ သားလေးသာဖြစ်ခဲ့ရင် ကျွန်မ ဘယ်လောက်ခံစားရမလဲဆိုတဲ့အတွေး တွေးခဲ့မိတယ်” လို့ ဂျူလီဂျုံးစ်က ပြောပါတယ်။ ဂျူလီဂျုံးစ်ရဲ့ အလှူခံဝက်ဘ်ဆိုက်ဟာ ၂၈ ရက်အတွင်း အလှူငွေ ပေါင် ၁၂,၀၀၀ ရရှိခဲ့ပြီး မာဟန်ဒြာကို ခွဲစိတ်ဖို့ကိစ္စ အကောင်အထည်ပေါ်ခဲ့ပါတယ်။

မာဟန်ဒြာကို ဗြိတိန် အမျိုးသားကျန်းမာရေးဌာန (NHS)မှာ ကျောရိုးဆိုင်ရာ ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆရာဝန် ခရစ်ရှ်နန်နဲ့ အဖွဲ့က ၁၀ နာရီကြာ ခွဲစိတ်ကုသပေးခဲ့ကြပါတယ်။ ခွဲစိတ်မှုကို အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ လုပ်ခဲ့တာပါ။ ခွဲစိတ်မှုလုပ်ရာမှာ ဆရာဝန်တွေက မာဟန်ဒြာရဲ့ လည်ပင်းက အဝိုင်းပုံ အရိုးချပ်ကို ဖယ်ရှားခဲ့ပြီး သူ့ရဲ့တင်ပါးစုံက အရိုးချပ်နဲ့ ပြန်အစားထိုးခဲ့ပါတယ်။ ပြီးတော့ လည်ပင်း ထောင်မတ်နေအောင် သတ္တုပြား တပ်ဆင်ပေးခဲ့ပါတယ်။ မာဟန်ဒြာအနေနဲ့ ခွဲစိတ်ပြီးချိန်ကနေ ခြောက်လအတွင်း လည်စွပ် ဝတ်ဆင်ထားရမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ မာဟန်ဒြာဟာ သာမန်လူတစ်ယောက်လို ပြန်ဖြစ်လာဖို့ မျှော်လင့်ချက် ရှင်သန်လာခဲ့ပြီ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top