အသောကမင်းသမီး အဆုံးမစီရင်ခင် “သူ့ကောင်လေးက သူ့အပေါ် လှည့်စားခဲ့တယ်”လို့ ဆက်တိုက်ပြောနေခဲ့ကြောင်း မိသားစုဝင် ပြော

27-12-2022-yyl01.jpg

“ဘုန်းမီးနေလ မဟာအသောက” အိန္ဒိယဇာတ်လမ်းတွဲမှာ အဟံကာရာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး တူနီရှာ ရှာမာဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က Alibaba: Daastan-E- Kabul ဇာတ်လမ်းရိုက်ကွင်းက မိတ်ကပ်ပြင်တဲ့အခန်းမှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေသွားခဲ့တာပါ။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ တူနီရှာက အဲဒီဇာတ်လမ်းတွဲထဲက တွဲဖက်သရုပ်ဆောင် ရှီဇန် ခန်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး အဆုံးမစီရင်ခင် ၁၅ ရက်အကြာက လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။ ရှီဇန်နဲ့ လမ်းခွဲခဲ့တာကြောင့် ဖိအားတွေများပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာလို့ သတင်းတွေမှာဖော်ပြထားကြပါတယ်။

အခုလည်း တူနီရှာရဲ့မိသားစုက တူနီရှာနဲ့ ရှီဇန် ခန်းတို့နဲ့ပတ်သက်ပြီး ထုတ်ပြောလာခဲ့ပါတယ်။ ရှီဇန်က တူနီရှာအပေါ်လှည့်စားပြီး အခြားကောင်မလေးနဲ့ တွဲခဲ့တယ်။ အဲဒါက တူနီရှာကို စိုးရိမ်သောကရောက်စေခဲ့တယ်။ စိတ်ဖိစီးလွန်းပြီး ဆေးရုံတက်တဲ့အချိန်မှာလည်း ရှီဇန်က သူ့အပေါ်လှည့်စားခဲ့တယ်လို့ တူနီရှာက ထပ်တလဲလဲပြောနေခဲ့တယ်လို့ ဆိုပါတယ်။

“ကိုဗစ်ကာလ Lockdown ချစဉ်အတွင်း တူနီရှာက ကျွန်တော်နဲ့ တစ်နှစ်ခွဲလောက်နေခဲ့တာ။ သူက ကျွန်တော့်အတွက် သမီးတစ်ယောက်ပါပဲ။ ကျွန်တော်တို့ အတော်လေးရင်းနှီးပြီး ဖုန်းနဲ့စကားတွေပြောဖြစ်ခဲ့ပေမဲ့ သူ့ဘဝမှာ အခုလိုဖြစ်နေတာကို ကျွန်တော် မသိခဲ့ဘူး။ သူ့နဲ့ရင်းနှီးတဲ့သူဆီက ကျွန်တော် သိရတာက သူ ရက်အနည်းငယ်လောက် စိတ်ဖိစီးနေတယ်။

ချစ်သူရဲ့လှည့်စားခံရတာနဲ့ ပြဿနာတွေကျော်ဖြတ်နေရတဲ့အကြောင်းကို သူ့အမေနဲ့ ဆရာဝန်ကို အသိပေးခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော် ဘယ်သူကိုမှ အပြစ်မတင်ချင်ပါဘူး။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ဒီကိစ္စမှာ တာဝန်ရှိတဲ့ ဘယ်သူကိုမဆို အပြစ်ပေးခံရသင့်တယ်”လို့ တူနီရှာရဲ့ဦးလေးက မီဒီယာတစ်ခုနဲ့ အင်တာဗျူးတဲ့အချိန်မှာ ပြောကြားခဲ့တာပါ။

“ရှီဇန် ခန်းက တူနီရှာနဲ့ တွဲခဲ့ပြီးတဲ့နောက်မှာတောင် မဝန်ခံခဲ့ဘူး။ မိန်းကလေးတော်တော်များများနဲ့ စကားတွေပြောပြီး အဆက်အသွယ်လုပ်ခဲ့တယ်။ အဲဒါတွေကြောင့် တူနီရှာ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်ခဲ့ရတယ်။ ရိုက်ကူးရေးခဏနားနေတဲ့အချိန်မှာ ရှီဇန်ရဲ့မိတ်ကပ်ပြင်တဲ့အခန်းကို တူနာရှာ ဘာလို့ သွားခဲ့တာလဲ။ အဲဒီအချိန်အတွင်း သူတို့နှစ်ဦးကြား တစ်ခုခုဖြစ်ခဲ့တယ်။ အဲဒါကြောင့် ရှီဇန်ကို စုံစမ်းမေးမြန်းတာနဲ့ သူ့ရဲ့ဖုန်းကို စစ်ဆေးတာတွေက မေးခွန်းတွေအားလုံးကို အဖြေပေးသင့်တယ်”လို့လည်း တူနီရှာရဲ့ဦးလေးက ပြောပါတယ်။

ရှီဇန်နဲ့အခြားကောင်မလေးတို့ရဲ့ဆက်ဆံရေးကို တူနီရှာသိရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စိုးရိမ်သောကရောက်လွန်းပြီး အသိစိတ်လွတ်သွားခဲ့တယ်။ အဲဒီနေ့မတိုင်ခင်ရက်က ရှီဇန်က သူနဲ့အခြားကောင်မလေးအကြောင်း တူနီရှာကို ဝန်ခံခဲ့တယ်။ တူနီရှာ စိုးရိမ်စိတ်လွန်ကဲပြီး ဆေးရုံတက်နေစဉ်အတွင်း “ရှီဇန်က ကျွန်မအပေါ် အမှားလုပ်ခဲ့တယ်။ ရှီဇန် ကျွန်မအပေါ် လှည့်စားခဲ့တယ်”လို့ ဆက်တိုက်ပြောနေခဲ့တယ်လို့ Times Now သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

တူနီရှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့မိခင်ဖြစ်သူက ရှီဇန် ခန်းကို တိုင်ကြားခဲ့ပါတယ်။ ရှီဇန် ခန်းကို ကိုယ့်ကိုယ်ကို သတ်သေတာကို အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၀၆ နဲ့ ဖမ်းဆီးထားပါတယ်။ အာဏာပိုင်တွေက သူ့ကို စစ်ဆေးနေပြီး ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ထိန်းသိမ်းထားမှာဖြစ်ပါတယ်။

Ref: Indiatimes “Tunisha Sharma Kept Saying ‘Sheezan Cheated On Me’, Had Anxiety Attack Days Before Suicide”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top